
ဖလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး-တမူး လမ်းမကြီးပေါ်တွင်ရှိသည့် ခမ်းပါတ်မြို့ကို ဒီဇင်ဘာ၁၀ရက်နေ့မှ စတင်ပြီး စစ်ကောင်စီက ခြောက်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသော ကြောင့် ခမ်းပါတ်မြို့ရှိ ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် အများအပြား မီးလောင်ပျက်စီးကာ ဒေသခံပြည်သူ ၁၀၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ အထိုင်ချထားသည့် ခမ်းပါတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၆ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ယနေ့အထိ ထိန်းချုပ်နိူင် ခဲ့ရာ ဒီဇင်ဘာ ၁၀ရက်နေ့မှ စတင်၍ စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိူင်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု တမူးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
“ခမ်းပါတ်ကို မရရအောင်ပြန်သိမ်းမယ်ဆိုပြီး ကြုံးဝါးနေကြတာပဲ။ ဒီဇင်ဘာ ၁၀ရက်နေ့လောက်ကတည်းက နေ့တိုင်းလေကြောင်းကတစ်ရက်ကိ အနည်းဆုံးနှစ်ကြိမ် ဗုံးကြဲတယ်။ မြေပြင်ကနေလည်း ပြောက်ကျားလာလာ ပစ်တာရှိတယ်။ မြို့ အနောက်တောင်ဘက် AG ဘုရားကျောင်းမှာ ဒီကောင်တွေတပ်စွဲထားတယ်။ အဲ့နေရာကနေ လာလာပစ်ကြတာပေါ့။ လာပစ်တာလည်း လေကြောင်းလာမှ လာပစ်ရဲတာ။ ဒီနေ့ (ဒီဇင်ဘာ ၁၅) ဆိုရင် နေ့လည် ၁၂ နာရီလောက်မှာတိုက်ပွဲပြန်စတယ်။တအောင့်နေတော့လေကြောင်းလာတယ်။ ပထမက ထောက်ပို့ယာဥ်နဲ့ ၆၀မမ တွေလာချတယ်။ဒုတိယအကြိမ်တော့ အမှတ် ၁ ရပ်ကွက်ထဲကျပြီး အိမ်တစ်ချို့မီးလောင်သွားတယ်” ဟု တမူးကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လေကြောင်းတိုက်ခိုက်မှု ပြင်းထန်၍ စစ်ရေးတင်းမာနေသည့်အတွက် ခမ်းပါတ်ဒေသခံ ၁၀၀၀၀ ကျော်သည် ဒီဇင်ဘာ ၁၀ရက်န့ မတိုင်ခင်ကတည်းက မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အများစုမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နှင့် မီဇိုရမ်ဖက်သို့ ထွက်ပြေးကြပြီး လူဦးရေ နှစ်ထောင်ထက်မနည်း တောတောင်များထဲတွင် ထွက်ပြေးနေရကြောင်း စစ်ရှောင် ကူညီသူများက ပြောသည်။
ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြထားသော်လည်း ခမ်းပါတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆက်လက်ထိန်းချုပ် ထားဆဲဖြစ်သည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုသည်။
ပုံစာ – စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေသော ခမ်းပတ်မြို့ အမှတ် ၁ရပ်ကွက်ရှိ နေအိမ်တစ်လုံး
#ခမ်းပတ်မြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #စစ်ရှောင်ပြည်သူ #Ayeyarwaddy_Times