
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
စစ်ကောင်စီသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထံက ဝင်ငွေ ၂ ရာခိုင်နှုန်းကို သုံးလစာအတွက် တင်းကျပ်စွာ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာ အခြေခံအလုပ်သမား ( ကာယလုပ်သား -Blue Collar) နှင့် ထိုင်းကုမ္ပ ဏီများ၊ ဆေးရုံ၊ တက္ကသိုလ်/ကောလိပ်များ၊ အင်ဂျင်နီယာများ (ဉာဏလုပ်သား-White Collar) များ ထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလစာအတွက် ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအခြေခံလုပ်သား( Blue Collar) ) တစ်ဦးလျှင် တစ်လ ၁၅၀ ဘတ်နှုန်း နှင့် ဉာဏလုပ်သား(White Collar )တစ်ဦးလျှင် တစ်လ ၄၅၀ ဘတ်ဖြင့် လစဉ် သို့မဟုတ် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်နှင့် ကိုးလတစ်ကြိမ်ဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ချိန်တွင် စစ်ကောင်စီထံ ပေးဆောင်ရ မည်ဖြစ်သည်။
]
“ထိုင်းမှာ အလုပ်လုပ်ဖို့လာတုန်းက ကုန်ကျစားရိတ်တွေကို စစ်ကောင်စီက ပေးထား လို့လား။ ဝင်ငွေခွန်လာတောင်းရတာ။ ကိုယ့်ပိုက်ဆံကိုယ် အကုန်အကျခံ ပြီးတော့ သူများဆီအလုပ်လုပ်နေတာ။ အလုပ်ရဖို့ ပွဲစားပေးရတယ်။ အလုပ်သမားကတ် OWIC လုပ်တုန်းကရော ပိုက်ဆံပေးရတယ်။ သူတို့ကိုပဲ ရှာကျွေးနေရသလို” ဟု ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ဝင်ငွေခွန်ပေးဆောင်သည့် ကာယလုပ်သား-Blue Collar သမားများသည် လစဉ် ဘတ် ၇၅၀၀ နှင့် ဉာဏလုပ်သား-White Collar သမားများသည် လစဉ် ဘတ် ၄၁၁၀၀ ဘတ်နှင့်ညီမျှသော မြန်မာကျပ်ငွေဖြူရရှိပြီး အိမ်ခြံမြေ၊ တိုက်ခန်း၊ မော်တော် ကားဝယ်ယူရာတွင် ဝင်ငွေခွန်လျော့ပေါ့ ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေး ထားသည်။
ထိုင်းနိုင်ငံ စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ အခြေခံလုပ်သားများ ဝင်ငွေခွန်ပေးဆောင်ရာတွင် စက်ရုံတာဝန်ရှိသူများက အားလုံးအတွက် ပေါင်းစည်းပြီး ဘဏ်အကောင့်တစ်ခုတည်းဖြင့် အခွန်ဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက် အောက်ခံ မြန်မာသံရုံး က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားဦးရေတွင် တရားဝင်စာရင်း အရ တစ်သန်းကျော်ရှိပြီး တရားမဝင်အလုပ်သမားများထဲမှ သက်သေခံလက်မှတ် (CI) စာအုပ်လုပ်ရန် ထိုင်းအလုပ်ရှင်များထံစာရင်း ပေးထားသည့် အလုပ်သမားကိုးသိန်း ခန့်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံက သိရသည်။
စစ်ကောင်စီသည် ပြည်ထောင်စု အကောက်ခွန်ဥပဒေကို ပြင်ဆင်ပြီးနောက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြင်ပတွင် အလုပ်လုပ်ကိုင်ရာမှ ရရှိသည့် လစာ ဝင်ငွေအပေါ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ဝင်ငွေခွန် ဆောင်ရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ထိုင်းနိုင်ငံ #မြန်မာလုပ်သားများ #လစဉ်အခွန်၂ရာခိုင်နှုန်း #ကာယလုပ်သားများဘတ်၁၅၀ #ဉာဏလုပ်သားများဘတ်၄၅၀ #စစ်ကောင်စီတင်းကျပ် #Ayeyarwaddy_Times