နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

ကျားဖြန့်ဟုခေါ်သော အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ခြင်းမရှိဟု အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုထားသည့် ကိုးကန့်ဒေသ ဥက္ကဌဟောင်း၏သား ပယ်ရင့်ချန် အပါအဝင် တရုတ်နိုင်ငံမှ အလိုရှိသူ လူပုဂ္ဂိုလ်များကို စစ်ကောင်စီအနေဖြင့် အကျဉ်းအကျပ်ဖြစ်လာခဲ့လျှင် အသုံးချလာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာ သုံးသပ်သူများက ထောက်ပြပြောဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဦးဆောင်သည့် အရေးပါသော လူပုဂ္ဂိုလ် ၁၀ ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်အစိုးရက ဖမ်း၀ရမ်းထုတ်ကာ ဆုကြေးငွေ ချီးမြှင့်မည်ဟု ထုတ်ပြန်ကြေညာရာ၌ စစ်ကောင်စီ ငြင်းဆိုထားသော ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့မှူးဖြစ်သူ ပယ်ရင့်ချန်လည်း ပါဝင်လာခဲ့သည်။

တရုတ်အစိုးရက ဖမ်း၀ရမ်းထုတ်သူများမှာ ကြံခိုင်ရေးပါတီမှ အမတ်ဟောင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင့်ချန်(ခ)လီယွင်ချိန်နှင့် သမီးဖြစ်သူ ပယ်ရင့်လန်(ခ)လီမုန့်န၊ ဝိဟိုင်ရိန်(ခ)ဝိစိုင်း၊ သားဖြစ်သူ ဝိချင်ရှုံး(ခ)ရန်ရှုံးနှင့် တူမဖြစ်သူ ဝိယုံ(ခ)ချိန်ယုံ၊ လျှိုကျိမ့်ရှန်နှင့် ၎င်း၏သားဖြစ်သူ လျှိုကျီကွမ်(ခ)လီဟွာကွမ်၊ လျှိုကျိမ့်မောက်၊ ရွှီလောက် ဖာ(ခ)ရွှီဖာချီတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ် ၁၀ ဦးသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဦးဆောင်သူများဖြစ်ကြောင်း အထောက်အထား အချက်အလက်များရရှိ၍ ဖမ်းနိုင်ရန်အတွက် သတင်းပေးသူများကို ဆုကြေးငွေပေးမည်ဟု တရုတ်အစိုးရက ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီက သူအတွက် သိပ်ပြီးတော့ အကျဉ်းအကျပ် ဖြစ်လာရင် အဲဒီလူတွေကို ထုတ်ကျွေးလိုက်မှာပဲ။ မြီဆိုတဲ့လူတွေကိုလည်း ထုတ်ကျွေးဖူးတာပဲ။ ဟိုလူက ကိုယ့်ဘာကိုယ် သတ်သေသွားတာ၊ သားတွေသမီးတွေတော့ အကုန်ပါသွားပြီ။ သူ့(တရုတ်)နိုင်ငံသားတွေ ထိထားတာက သေတာတွေရော၊ ကြေတာတွေရော ရှိတယ်လို့ ကျွန်မကြားထားတယ်။ အဲဒီဟာတွေအတွက် သူက ရေမြေဆုံးစေတော့ လိုက်တော့မှာ။ အဲဒါကို စစ်ကောင်စီက ချကျွေးချင်လည်း ကျွေးချင်ကျွေးမယ်ထင်တယ်” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာမှ စတင်၍ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပိုမိုဖမ်းဆီးလာသော စစ်ကောင်စီက “ဝ” နှင့် မိုင်းလား သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ကိုးကန့်ဒေသသာလျှင် ရှိနေသည့်အတွက် ဖမ်းဆီးရမိသူများကို တရုတ်ဘက်သို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ပြောဆိုထားသည်။

အလားတူ ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့မှူး ပယ်ရင့်ချန်နှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “ပယ်စောက်ချိန်ရဲ့သား ပယ်ရင့်ချန်ကို တရုတ်နိုင်ငံနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာ ဖမ်းဝရမ်း ထုတ်ထားတာလည်း မရှိပါဘူး။ သူ့အနေနဲ့ ပြစ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာလည်း သိရပါတယ်” ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က ငြင်းဆိုထားသည်။

ထို့ပြင် ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင် လောက်ကိုင်မြို့ ကြံ့ခိုင်ရေးအမတ်ဟောင်း မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျွီလန်နှင့် မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ လေးဦး ကို တရုတ်အစိုးရက ဆုငွေနှင့်တကွ ဖမ်းဝရမ်းထုတ်ခဲ့ရာ နိုဝင်ဘာ ၁၆ ရက်တွင် အဆိုပါမိသားစုဝင် လေးဦးအနက် သမီးဖြစ်သူ မြီကျွီလန်မှလွဲ၍ ကျန်သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးစဉ် မြီရှောက်ချန်းမှာ ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ဆိုထားသည်။

“သူ(တရုတ်)တို့ ဖမ်းဝရမ်း ထုတ်ပြီဆိုရင်တော့ စစ်ကောင်စီဘက်ကလည်း ပေးရမှာပဲဗျ။ စစ်ကောင်စီဘက်ကလည်း သူ့မှာ လောက်လောက်လားလား နိုင်ငံတကာက ထောက်ခံ တာဆိုလို့ တရုတ်ပဲရှိတာလေ။ ဒါကြောင့် တရုတ်နဲ့တော့ ဆက်ဆံရေးမပျက်အောင် သူဆက်လုပ်ပါလိမ့်မယ် ထင်တယ်” ဟု ဒေါက်တာလှကျော်ဇောက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ လင်ချန်းခရိုင်၊ ကျိန်းခမ်းမြို့နယ်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲတက်ရောက်ရန် ရောက်ရှိနေသည့် ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦး ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခံရသူများတွင် ကာစီနိုဟိုတယ်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများစွာကို ကိုးကန့်နယ်ခြားစောင့်တပ်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် လောက်ကိုင်မြို့အခြေစိုက် Fully Light ကုမ္ပဏီဒါရိုက်တာ နာမည်ကြီး ဘီလီယံနာ ဦးမောင်မောင် (Liu Zhengxiang) လည်း ပါဝင်ခဲ့ပြီး ထိုကုမ္ပဏီသည် ယခင်အစိုးရ အဆက်ဆက်အပြင် စစ်ကောင်စီနှင့်လည်း နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း သိရသည်။

“အခုဟာက တရုတ်နဲ့ ပတ်သက်ပြီး ဖြစ်တဲ့ဟာတွေထဲမှာ ထိခိုက်နစ်နာသူတွေက အများကြီးရှိတယ်၊ နိုင်ငံပေါင်းစုံက ရှိတယ်ဆိုတဲ့ဟာ သိရတယ်။ အဲဒီတော့ အဲလိုမျိုးဟာတွေကို သူတို့အနေနဲ့ ကိုင်တွယ်ဖြေ ရှင်းဖို့အတွက်လည်း နိုင်ငံတွေ တော်တော်များများက အကုန်လုံး သဘောတူထားပြီးသား။ ဒါက လိုအပ်ချက်လည်း ဖြစ်တယ်။ နောက် လုပ်လိုတဲ့ သဘောတွေလည်း၊ ဆန္ဒတွေလည်း ရှိနေကြတယ်။ ဒါပေ မယ့် အဲဒီထဲမှာပါဝင်နေတဲ့ ပါဝင်ပတ်သက်မှုဟာ ဘယ်လိုမျိုး အခြေအနေထိ ရှိနေသလဲ ဆိုတဲ့ဟာတော့ ကျွန်တော်တို့ အခုအချိန်မှာ ဂဃနဏ အပြည့်အစုံ မသိနိုင်သေးဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် လူသတ်မှု၊ တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှု အပါအဝင် တရုတ်နိုင်ငံသားများအပေါ် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု သိရှိရပြီး တရုတ်နိုင်ငံက ဖမ်းမိထားသည့် တရားခံများ၏ ထွက်ဆိုချက်များအရ ကိုးကန့်ဒေသက လူပုဂ္ဂိုလ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဥက္ကဋ္ဌနှင့် နီးစပ်သူ အရာရှိ နှစ်ဦးဖြစ်သည့် ‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့တို့ကို အွန်လိုင်းလိမ်လည်မှု စွပ်စွဲချက်ဖြင့် တရုတ်အစိုးရက ဆုငွေနှင့်တကွ ဖမ်းဝရမ်းထုတ်ထားသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တရုတ်ငွေ ယွမ်ငါးသိန်းအထိ ဆုငွေထုတ်ထားသော ၎င်းတို့နှစ်ဦးကို ဝရမ်းထွက်ပြီး မကြာခင် ရာထူးက ထုတ်ပယ်လိုက်သည်ဟု UWSP က ကြေညာခဲ့သလို စစ်ကောင်စီ လက်အောက်ခံ ‘ဝ’ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ၊ ဟိုပန်ခရိုင်တရားရုံးကလည်း ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း သိရသည်။
“အဲဒီတော့ ပြောချင်တာကတော့ မတည်ငြိမ်တဲ့ ဒေသတွေမှာ ပါဝင်ပတ်သက်မှုက စစ်ကောင်စီက ဖမ်းပေးလို့ ရတဲ့လူတွေလား၊ ဖမ်းပေးလို့ မရတဲ့လူတွေလား။ ဒါမှမဟုတ် သူတို့နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လူမျိုးတွေပါနေလား ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရလိမ့်မယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ သူတို့ ရနိုင်တဲ့ဥစ္စာတော့ ပေးလိမ့်မယ်။ ပေးလို့မရနိုင်တဲ့ ကိစ္စဆိုရင်တော့ တနည်းတစ်ဖုံ တခြားနည်းလမ်းတွေ ကြံစည်ကောင်း ကြံစည်နိုင်တယ်လို့ ယူဆလို့ရမှာပေါ့” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

#စစ်ကောင်စီ #အွန်လိုင်းငွေလိမ်ဂိုဏ်းများ #ပတ်သက်ခြင်းမရှိငြင်းဆို #တရုတ်အလိုရှိသူများ #အသုံးချလာနိုင် #Ayeyarwaddy_Times