ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဒီဇင်ဘာ ၁၅ ရက်
စစ်ကောင်စီသည် တနင်္သာရီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Dawei Watch သတင်းဌာနမှ သတင်း ထောက်နှစ်ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညသန်းခေါင်က မြိတ်မြို့ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး ယခုအခါ အဆက် အသွယ်ပြန်လည်ရရှိပြီဖြစ်သော်လည်း မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း သိရသည်။
Dawei Watch သတင်းဌာန၏ မြိတ်အခြေစိုက်သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို စစ်ကောင်စီက စစ်ကြောရေးသို့ ဖမ်းဆီးခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို မြိတ်မြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရသည်။
“စစ်ကြောရေးမှာ နှစ်ရက်ကျော်ကြာတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်မှာတော့ ရဲစခန်းရောက်ပြီလို့သိရတယ်။ ရဲစခန်းမှာတွေ့ခွင့်မရသေးတဲ့အတွက် သေချာတော့ မသိဘူး။ ရဲစခန်းကလည်း မြိတ်ကရဲစခန်းလို့ထင်တယ်။ ဒါပေမဲ့ ဘယ်ရဲစခန်းလဲဆိုတာ ကျွန်တော်တို့ သေချာမသိဘူး” ဟု Dawei Watch သတင်းဌာန၏ အယ်ဒီတာချုပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
Dawei Watch သတင်းဌာသည် သတင်းမီဒီယာ လိုင်စင်ပိတ်သိမ်း ခံထားရ ခြင်းမရှိသော်လည်း စစ်ကောင်စီက သတင်းရေးသားမှု ကြောင့်ဟုဆိုကာ သတင်း ထောက်နှစ်ဦးကို ၎င်းတို့၏ဖုန်းများနှင့်အတူ သတင်းဌာနပိုင် လပ်တော့(Laptop) နှစ်လုံးကိုပါ ယူဆောင် သိမ်းဆည်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က သတင်းစာကျင့်ဝတ်နဲ့အညီ သတင်းတွေကို ရေးသားထုတ်လုပ်တဲ့ မီဒီယာဖြစ်တယ်။ သတင်းရေးသားတာသည် ပြစ်မှုကျူးလွန်တာမဟုတ်ဘူး။ အဲ့ဒီတော့ သတင်းသမားတွေကို ပြစ်မှုကျူးလွန်သူတစ်ယောက်လိုမျိုး ဖမ်းဆီးတာမျိုး၊ ခေါ်ယူစစ်ဆေးတာမျိုး လုပ်လို့မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သတင်းထောက် တွေသည် အပြစ်မရှိတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ပဲ ပြောချင်ပါတယ်” ဟု Dawei Watch အယ်ဒီတာချုပ်က ဆက်လက်ပြောကြားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သတင်းဌာနများကို ပိတ်သိမ်းကာ သတင်း သမားများကို မတရားဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ဖမ်ဆီးမှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group သတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးကို ဖမ်းဆီး၍ ရုံးခန်းကို ချိပ်ပိတ်ကာ ရုံးပိုင်ပစ္စည်းများကို သိမ်းဆည်း ယူဆောင်သွားသည်။
#dawei_watch #စစ်ကောင်စီ #သတင်းထောက်နှစ်ဦး #ဖမ်းဆီးခံရ #မိသားစုနှင့်တွေ့ခွင့်မရ #Ayeyarwaddy_Times