
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ရရှိသောဆိုင်အချို့တွင်လည်း ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ကျော်အထိ စျေးတင်ရောင်းချနေပြီး လိုသလောက်ဝယ်ယူ၍ မရကြောင်း ဒေသခံများထံမှသိရသည်။
ဧရာဝတီတိုင်းအတွင်ရှိ မြို့နယ်များတွင် ဒီဇင်ဘာလတွင် စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွာလာခဲ့ပြီး စက်သုံးဆီစျေးမှာလည်း တစ်လီတာလျှင် ၂,၂၀၀ ကျပ်မှ ကျပ် ၅,ဝဝဝကျော် အထိ ထိုးတတ်လာခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ကျနော်တို့မြို့မှာ ဓာတ်ဆီက ၉၅ တစ်မျိုးပဲရတော့တယ် ဒါတောင်တစ်ဆိုင်ထဲ ရောင်းပေးတာ။ ကျန်တဲ့ဆိုင်ကြီးတွေအကုန်ပိတ်ထားကြတယ်။ အပြင်ဆိုင်တွေမှာတော့ တစ်လီတာ ကျပ် ၅၀၀၀ ကျော်ရောင်းနေပြီး ဒါတောင်ဝယ်မရတော့ဘူး။ ဒီလိုဆက်ဖြစ်မယ်ဆို ဒေသတွင်းမှာ သွားလာဖို့အကုန် ခက်ခဲကုန်တော့မယ် “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စက်သုံးဆီပြတ်လပ်မှုကြောင့် စက်မှုလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေကိုပါ ထိခိုက်မှုများရှိနေပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက်ပါ အခက်အခဲရှိနေကြောင်း ကျောင်းကုန်းမြို့နယ် ဒေသခံများထံမှ သိရသည်။
“ဓာတ်ဆီပြတ်ရုံတင်မဟုတ်ဘူး။ လယ်ထဲရေတင်ဖို့ ရေလိုနေတဲ့အချိန် ဆီတွေဝယ်မရတော့ စက်တွေမောင်းမရဘူး။ ဒီဇယ်ရောင်းတဲ့နေရာရှိလို့ သွားဝယ်မယ်ဆိုရင်တောင် မောင်းသွားမယ့်ဆိုင်ကယ်က ဆီမရှိဘူး။ ဒါမျိုးအခက်ခဲတွေက လယ်သမားတွေကိုပါထိလာတာ ။ ရွာဘက်ကဆီဆိုင်တွေပိတ်တော့ မြို့တက်လို့မရ မြို့ထဲကလူတွေကျပြန်တော့ ဆီထည့်မရလို့ ရွာဆင်းမရနဲ့ အကုန်ပြသာနာတတ်နေကြပြီး ဆိုင်ကြီးတွေမှာတော့ အဝေးသွားမယ့်သူဆို ၂,၀၀၀ ဖိုးရောင်းပေးတာတော့တွေ့တယ် “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒီဇင်ဘာလအတွင် စက်သုံးဆီ ၂၇ စီးရောက်ရှိမည်ဟုပြောထားသော်လည်း လက်ရှိအချိန်ထိ ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များတွင် စက်သုံးဆီပြတ်လပ်နေကာ ပြင်ပပေါက်ဈေးများမှာလည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။
#ဧရာဝတီတိုင်း #မြို့နယ်အချို့တွင် #စက်သုံးဆီပြတ်လပ် #ဆီတစ်လီတာ #ကျပ်၅၀၀၀ကျော် #စျေးတင်ရောင်း #ပန်းတနော် #ကျောင်းကုန်း
#Ayeyarwaddy_ Times