ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီ တိုးမြှင့်ပေးနိုင်ဖို့နဲ့ အကူအညီပေးရာမှာ အခြား အကူအညီပေးရေးအေဂျင်စီတွေ ပါဝင်နိုင်ဖို့ ထိုင်းနဲ့မြန်မာတို့က အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်မှာ ပြောပါတယ်။

အဆိုပါအစီအစဉ်က စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံ၊ အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုဖြစ်စေမယ်လို့ ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်တပ်ကို တိုက်ခိုက်မှုတွေပြုလုပ်ကာ ဒီမိုကရေစီ တော်လှန်ရေးသမား တွေက လုံခြုံရေးတပ်ဖွဲ့တွေကို နေရာအနှံ့ တိုက်ခိုက်နိုင်ဖို့ ကူညီပေးတာကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေ မှာ ပဋိပက္ခတွေ အရှိန်မြှင့်လာခဲ့ပါတယ်။

အောက်တိုဘာလနှောင်းပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ပြည်သူ ၃၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပြီး အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာရ သူ ၂ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။

မငြိမ်သက်မှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးမားဆုံး စစ်မြေပြင် စိန်ခေါ်မှု ဖြစ်လာခဲ့ပြီး တရုတ်နဲ့ထိုင်းတို့က ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။

“ဒီကိစ္စကို ဆွေးနွေးဖို့ မြန်မာနိုင်ငံဟာ မကြာမီ ထိုင်းနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်မှာဖြစ်ပါတယ်။ ကနဉီး အဆင့် အောင်မြင်ရင် အနာဂတ်မှာ အခြား အကူအညီပေးရေးအဖွဲ့တွေမှာ အစီအစဉ်မှာပါဝင်ဖို့ ဖိတ်ကြားမှာဖြစ် ပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၇ ရက်က တရုတ်နိုင်ငံမှာကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး မှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာတို့ ရဲ့ ဆွေးနွေးမှုအတွင်း အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။

အာဏာသိမ်းမှုနောက်ပိုင်း သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးစီမံချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက် တာကြောင့် မြန်မာစစ်ကောင်စီကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Thailand, Myanmar to form aid task force as border unrest intensifies

#Ayeyarwaddy_Times