
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း အိန္ဒိယ – မြန်မာ နယ်စပ်လမ်းပေါ်တွင် တည်ရှိသည့် တုန်းကျော်ကျေးရွာကို ဒီဇင်ဘာ ၈ရက်နေ့ည ၁၀နာရီခန့်တွင် စစ်ကောင်စီအဖွဲ့နှင့် မဟာမိတ်များဖြစ်သည့် ရှမ်းနီတပ်(SNA) ၊ ကသည်းတပ် (UNLF) နှင့် ပျူစောထီးအဖွဲ့များက တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဝင်ရောက်မီးရှို့ခဲ့ရာ ဘာသာရေးအဆောက်ဦး အပါအဝင် အိမ်ခြေ ၂၀ကျော် ပြာကျသွားကာ တုံးကျော်ဒေသခံ ၇၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
တုံးကျော်ရွာ ဒေသခံပြည်သူများဖြစ်သော (၁) ဦးထန်ဂင်လင်(Pa Thang gin Len) ၊ (၂) ဦငမ်ဟောက် (Pa Ngam Hao) ၊ (၃) ဦဒိုလင်း(Pa Dou Len) ၊ (၄) ဦလွန်ခိုမန်း(Pa Lun Kho Mang)၊ (၅)ဦရမ်းငမ်(Pa Jang Ngam) ၊ (၆)ဦးဆိုပေါင်း(Pa So Pao) ၊ (၇)ဦးရန်းလက်(Pa Jang let) ၊ (၈)ဦးငမ်လာလ် (Pa Ngamlel) ၊ (၉)ဦကင်းလက်(Pa Kimlet) ၊ (၁၀)ဦးအွန်လက်(Pa Onlet) ၊ (၁၁)ဦဒိုးပေါင်(Pa Dou Pao) ၊ (၁၂)ဦပေါင်လတ်(Pa Pao Let) ၊ (၁၃) ဦထန်ရန်း(PA Thang Jang) ၊ (၁၄)သိက္ခာတော်ရ ဆရာတော်ဦးမန်ကြား(Rev.Mang Cha / EBC-ဘုရားကျောင်းဝင်းထဲရှိ ဓမ္မအမှုတော်ဆောင်ဆရာတော်နေအိမ်)၊ (၁၅)ဦးထန်ဆေး(Pa Thang Sei) (၁၆)ဂေါ်ရခါးလူမျိုး အိမ်ဆိုင်ငယ်တစ်ဆိုင် ၊ (၁၇)ဒေါ်အက်စတာ (Ester) ၊ (၁၈)ဦရန်းမင်လာယ်(Pa Jang Min Lal) တို့၏ နေအိမ်များအပြင် KCBA နှင့် EBC ခရစ်ယာန်ဘုရားကျောင်း နှစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကျန်နေအိမ်များမှာ မီးရှို့ထားခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် ပြာမကျသွားခဲ့ဟု ဒေသခံများကပြောသည်။
“ဒီဇင်ဘာ ၈ရက်နေ့ ည၉နာရီလောက် ဖြစ်မယ်ထင်တယ်။ သေနတ်သံတွေစကြားရတယ်။ ရှမ်းနီနဲ့ ကသည်းတွေဝင်လာတာ စသတိထားမိတယ်။ ညကြီးမင်းကြီး တောထဲပြေးကြရတာပေါ့။ ခဏနေတော့ တောထဲကနေ ကိုယ့်ရွာမီးလောင်နေတာ လှမ်းမြင်ရတာပဲ။ အိမ်ကောင်းတွေချည်း ရွေးရှို့သွားတာ။ သူတို့စိတ်ကြိုက်ရှို့ထား ခဲ့ကြတာပဲ။မနက်ကျတော့ အရွယ်ကောင်းတဲ့ အမျိုးသား လေးယောက် ငါးယောက်လောက်က ရွာထဲ အခြေအနေသွားကြည့်တော့ သူတို့မရှိတော့ဘူး။ အဲ့ဒါနဲ့ မီးလောင်သွားတဲ့ အိမ်တွေကို စာရင်းပြုစုပြီး မှတ်တမ်းတွေယူထားလိုက်ပါတယ်။ ကျွန်တော်ထင်တာတော့ အောင်ဇေယျကို တော်လှန်ရေးသမားတွေက သွားတိုက်တာ သူတို့ဖက်အထိနာသွားလို့ မဆီမဆိုင် ဘာတော်လှန်ရေး လက်နက်ကိုင်အဖွဲ့မှ မရှိတဲ့ လက်နက်မဲ့ပြည်သူရွာကို ဝင်ရှို့လိုက်တာပါပဲ။အခုလောလောဆယ်တော့ အောင်ဇေယျဖက်မှာ တိုက်ပွဲပြင်းထန်နေတော့ ကျွန်တော်တို့လည်း ရွာထဲပြန်မဝင်ရဲသေးဘူး။တောထဲမှာပဲ ဖြစ်သလိုနေ နေရပါတယ်။” ဟု တုံးကျော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တုံးကျော်ကျေးရွာသည်အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ရွာဖြစ်ကာ အိန္ဒိယ မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိ၍ တမူးမြို့မှ မိုင်၂၀ ခန့်ကွာဝေးပြီး လယ်ယာလုပ်ငန်းကိုအဓိကအားထား လုပ်ကိုင်စားသောက်ကြသော ကူကီးလူမျိုးစုနှင့် ဇိုလူမျိုးစု အများစုနေထိုင်ရာကျေးရွာလည်း ဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တမူး ကဘော်ဒေသ တစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီ ပူးပေါင်းအဖွဲ့များဖြစ်သည့် ရှမ်းနီတပ်၊ ကသည်းတပ်နှင့်ပျူစောထီးအဖွဲ့တို့မီးရှို့ဖျက်ဆီးခဲ့သည့် တုံးကျော်ကျေးရွာအပါအဝင် ရန်ငြိမ်းအောင်ကျေးရွာ၊ထန်းတပင်ကျေး ရွာနှင့် ကွန်းတောင်း(သစ်) ကျေးရွာစုစုပေါင်း လေးရွာအထိ ရှိလာပြီဖြစ်ကြောင်းဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင် တမူးမြို့မှ မိုင် ၄၀ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်အထိုင်ချရာ မြို့သစ်မြို့မှ မိုင် ၂၀နီးပါးကွာဝေးသည့် စစ်ကောင်စီတပ်အထိုင်ချရာ အောင်ဇေယျ ကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် KNAB ၊ တမူးခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေကာ ဒီဇင်ဘာ ၉ရက်နေ့ နေ့လည် ၁နာရီခန့်တွင် ရဟတ်ယာဥ်တစ်စီးဖြင့် ဖိုင်လင်း အောင်ဇေယျ လမ်းတစ်လျှောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုံ -တုံးကျော်ဒေသခံတစ်ဦး
ပုံစာ – SNA ရှမ်းနီတပ်နှင့် UNLF ကသည်း
တပ်တို့ မီးရှို့ဖျက်ဆီးခဲ့သည့် တုံးကျော်ကျေးရွာနေအိမ်များနှင့် သိမ်းဆည်းရမိခဲ့သည့် ကျည်ခွံများ
#တမူးအထက် #အိန္ဒိယနယ်စပ် #ကူကီး #တုံးကျော်ရွာ #ရှမ်းနီ #ကသည်းတပ် #စစ်ကောင်စီ #Ayeyarwaddy_Times