နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာဏာရှင်စနစ်ကို တော်လှန်တိုက်ထုတ်ကာ အမြစ်ပြတ် ချုပ်ငြိမ်းစေချင်သူအားလုံး နှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံက သိရသည်။

KNU သည် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးဦးဆောင်မှု၊ အစည်းအရုံး ရှေ့ဆောင် ဦးစီးမှု၊ အမျိုးသားလွတ်မြောက်ရေးနှင့် အမျိုးသားများမျှော်မှန်းချက်နှင့်အညီ လှုပ်ရှားမှု များကို ဦးစီးဆောင်ရွက်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီးဌာနကြီး (၁၂)ခုနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

“အထူးသဖြင့် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ကို ခါးသီးရွံရှာ မုန်းတီးပြီးတော့ တော်လှန်တိုက်ခိုက် အမြစ်ပြတ် ချုပ်ငြိမ်းစေချင်တဲ့ အားလုံးနဲ့ ကျွန်တော်တို့ ဆက်လက်ပြီး လက်တွဲနေပါတယ်။ NUG အပါအဝင်ပေါ့” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဌာနကြီး (၁၂)ခုမှာ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ သတ္ထုတွင်းဌာန၊ အခွန်နှင့် ဘဏ္ဍာဌာန၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာန၊ နိုင်ငံခြားရေးဌာန၊ တရားရေးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန၊ ကာကွယ်ရေးဌာန (KNLA+KNDO)၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန(KNPF) တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အနာဂတ်ခေါင်းဆောင်းများ အဆက်မပြတ် ပေါ်ထွန်းနိုင်ရေးအတွက် မျိုးဆက်သစ်ကျောင်းများကို ဗဟိုအဆင့်တွင်သာမက သက်ဆိုင်ရာ ခရိုင်အသီးသီး တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ထိုကျောင်းများမှ မြို့နယ်၊ ခရိုင်နှင့် ဗဟိုအဆင့် ခေါင်းဆောင်များ အမြောက်အများပေါ်ထွန်းခဲ့ကြောင်း KNU ထံက သိရသည်။

“စစ်ရေးအခြေအနေကတော့ နေရာတိုင်းမှာလည်း တိုက်ပွဲတော့ ဖြစ်နေတာပဲလေ။ မြို့သိမ်းတိုက်ပွဲ ဆိုတာကတော့ ကျွန်တော်တို့က ကိုယ့်အင်အား အခြေအနေနဲ့ ကိုက်ညီတဲ့ဟာပဲ လုပ်သွားမှာပါ။ ပြောက်ကျား သေနင်္ဂဗျူဟာ အရလည်း ကျွန်တော်တို့ နေရာတိုင်းမှာ တပ်တွေ စုဖွဲ့၊ တည်ဆောက်တယ်။ အုပ်ချုပ်ရေးတွေ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားထားပါတယ်” ဟု ပဒိုစောတောနီးက ဆိုသည်။

လက်ရှိတွင် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များသည် ပဲခူးတိုင်းအတွင်းရှိ မုန်းမြို့ကို သိမ်းပိုက်ထားပြီး တပ်ကူလာသည့် ဆွာမြို့အ‌ခြေစိုက် စစ်ကောင်စီတပ် ခလရ-၈၄ တပ်ရင်းမှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးအပါဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားလည်း လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စိုးမိုးမှုအောက်မှာ ရှိသွားပြီဆိုရင် အဓိကက အုပ်ချုပ်ရေးလုပ်ငန်းကို တည်တည်ငြိမ်ငြိမ် လုပ်နိုင်ဖို့အတွက် အင်မတန် အားခဲရပါတယ်။ နောက်ပြီး ပြည်သူလူထု လုံခြုံရေး၊ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းတွေ။ အဲဒါတွေက အဓိကလုပ်ငန်းဖြစ်တာနဲ့အညီ ကျွန်တော်တို့က ဗရုတ်သုတ်ခမဖြစ်တဲ့ အခြေအနေ တစ်ခုကိုတော့ အများကြီးကြိုးစား သတိထားနေပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ယခင်က ဆုံးရှုံးခဲ့သော နယ်မြေအများစုကို KNU အနေဖြင့် လက်ရှိတွင် ပြန်လည်ရယူထားနိုင်ပြီး နယ်မြေမည်မျှ စိုးမိုးထားသည်ကိုမူ ယခုအချိန်၌ ပြောရန် စောသေး၍ တဖြေးဖြေး တရွေ့ရွေ့ဖြင့် တစ်လှမ်းချင်း လှမ်းနေကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။

“မြို့တွေကလည်း တော်တော်လေး အုပ်ချုပ်ရေး ပျက်စီးသွားပြီဆိုတာ ကျွန်တော်တို့ ပြောလို့ရတယ်။ ဥပမာ-ဖာပွန်လို၊ ကျောက်ကြီးတို့ဆို အုပ်ချုပ်ရေး မရှိတော့ဘူး။ သူတို့တပ်တွေနဲ့ပဲ ပြန်ပြီးတော့ ထိန်းတဲ့ဟာပဲရှိတယ်။ ကော့ကရိတ်ဆိုလည်း ဒီလိုပဲ။ ဘုရားသုံးဆူတို့ဆို ပြောမနေနဲ့၊ အခြားမြို့တွေ အများကြီးရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆင့်ကဲဆင့်ကဲ ဖြစ်လာဖို့ကတော့ ရှိပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

KNU နယ်မြေတွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာအထိ တိုက်ပွဲပေါင်း ၁၁၆၀၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀၇၄၁ ဦးကို သုတ်သင်နိုင်ခဲ့သလို ၇၇၇၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံး၊ ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၁၈၅၂၀ ဦးသည် တပ်မတစ်ခုတွင် အင်အား ၇၀၀ သာရှိတော့သည့် စစ်ကောင်စီ၏ တပ်မ ၂၆ ခုနှင့်လည်း ညီမျှသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNU

#KNU #အာဏာရှင်စနစ် #တော်လှန်တိုက်ထုတ် #NUG #အားလုံးနှင့်လက်တွဲ #Ayeyarwaddy_Times