ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကားတွေ တိုးတက်လာစေဖို့ F-35 ကိုယ်ပျောက် ဂျက်တိုက် လေယာဉ်တွေအတွက် ခဲယမ်းမီးကျောက်တွေနဲ့ ဆက်စပ်ကိရိယာတွေ ရောင်းချဖို့အမေရိကန်နိုင်ငံက အတည်ပြု လိုက်ပြီလို့ အစိုးရအဖွဲ့အေဂျင်စီတစ်ခုက ပြောကြားလိုက်ပါတယ်။

ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၂၇၁ သန်းတန်ကြေးရှိ အစိုးရအချင်းချင်းကြား ပြည်ပစစ်လက်နက် ရောင်းချမှု (FMS) ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ပူး ပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က ကြေညာခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံဟာ AIM-120C-8 တာလတ် ဝေဟင်-ဝေဟင်ခွင်းဒုံးကျည် ၃၉ စင်း၊ ခဲယမ်းမီး ကျောက်တွေနဲ့ ပေါင် ၂၀၀၀ ဗုံးတွေ ဝယ်ယူဖို့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တာပါ။

“အာရှ-ပစိဖိတ်ဒေသမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ အရေးပါသော မဟာမိတ် နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကို တိုးတက်လာစေခြင်းအားဖြင့် ဒီလို စစ်လက်နက်ရောင်းချမှုက အမေရိကန်နိုင်ငံရဲ့ နိုင်ငံ ခြားရေးမူဝါဒရည်မှန်းချက်တွေ၊ အမျိုးသား လုံခြုံရေးဉီးတည်ချက်တွေကို အထောက်အကူဖြစ်စေပါမယ်” လို့ DSCA က သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“အခုလို စစ်လက်နက်တွေ ရောင်းချမှုကြောင့် တောင်ကိုရီးယားနိုင်ငံဟာ ဒေသတွင်း ကျူးကျော်မှုကို ဟန့်တားကာ အမေရိကန်တပ်ဖွဲ့တွေနဲ့ အပြန်အလှန်သတင်းဖလှယ်မှု လုပ်ဆောင်နိုင်မယ့် တိုက်လေယာဉ်အုပ်ကို ဝေဟင်-ဝေဟင်ခွင်းဒုံး ကျည်တွေ၊ ဝေဟင်-မြေပြင်ခွင်းဒုံးကျည်တွေ တပ်ဆင်ပေးနိုင်ကာ မျက်မှောက်နဲ့ အနာ ဂတ် ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက တောင်ကိုရီးယားသို့ စစ်လက်နက်တွေ ရောင်းချရာမှာ ကွန်ဂရက်ရဲ့ ထောက်ခံချက် လိုအပ်တာကြောင့် DSCA က အစောပိုင်းကတည်းက လိုအပ်တဲ့ အချက်အလက်တွေ ကွန်ဂရက်ထံ ပေးပို့ခဲ့ပါ တယ်။

တောင်ကိုရီးယားလေတပ်ဖွဲ့မှာ F-35A ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် အစင်း ၄၀ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလအတွင်း ငှက်တစ်ကောင်နဲ့တိုက်မိတာကြောင့် F-35A ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တစ်စင်း ကို အနားပေးဖို့ တောင်ကိုရီးယားလေတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

ကိုးကား – Yonhap
Ref; U.S. authorizes potential sale to S. Korea of munitions, equipment for F-35 stealth jets

#Ayeyarwaddy_Times