ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ဘေးတွဲမောင်းသူများကို စစ်ကောင်စီတပ်က မောင်းနှင်ခွင့်ကတ်များ ထုတ်ပေးထားပြီး စစ်တပ်ယူနီဖောင်း၀တ်ခိုင်းကာ အဓမ္မ ကင်းလှည့် ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ ရွှေပြည်သာမြို့နယ်ရှိ ဘေးတွဲမောင်းသူများကို နို၀င်ဘာ ပထမပတ်မှ စတင်ကာ စစ်တပ်ယူနီဖောင်း၀တ်ဆင်ပေး၍ ကင်းလှည့်ခိုင်းခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား များက အရပ်ဝတ်ဖြင့် ဘေးတွဲပေါ်ထိုင်လိုက်နေကြောင်း ဒေသခံများထံက သိရသည်။

“ပထမ ဆိုင်ကယ်တွေကို အရင်လိုက်ဖမ်းတယ်၊ နောက်ပိုင်းကြတော့ အဖမ်းမခံစေ ချင်ရင် ဘေးတွဲပြောင်းခိုင်းတယ်။ ပြီးတောလည်း ဘေးတွဲတွေ လိုက်ဖမ်းပြန်တယ်။ သူတို့ကထပ်ပြောတယ်။ ဘေးတွဲတွေကိုတော့ အဖမ်းမခံစေချင်ရင် သူတို့ဆီမှာ မှတ်ပုံ တင်လုပ်ခိုင်းတော့ မှတ်ပုံတင် လုပ်လိုက်ရတယ်။ နောက်ပိုင်းတစ်ဆင့်တက်လာတယ်၊ ကင်းပတ်ခိုင်းတယ်၊ တကယ်လို့ကင်းပတ်မပေးရင် ဘေးတွဲတွေကိုလုံးဝမမောင်းရဘူး ပြောတယ်”ဟု ဘေးတွဲမောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရန်ကုန်တိုင်းအတွင်း ဘေးတွဲယာဥ်အများဆုံးအသုံးပြု မောင်းနေသည့်မြို့နယ်များမှာ ‌ရွှေပြည်သာ၊ သန်လျင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနှင့် လှိုင်သာယာ စသည့် မြို့နယ်တို့ဖြစ်ကြကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

လက်ရှိ ရန်ကုန်မြို့အတွင်း ည ၉ နာရီနောက်ပိုင်း အပြင်ထွက်သူအချို့ကို စစ်ကောင်စီတပ်များက ပေါ်တာဆွဲခြင်းများပြုလုပ်နေပြီး ငွေကြေးများ ပြန်လည် ရွေးယူရသည့် မြို့ခံများရှိသလို ပြန်လည် ရွေးယူ၍ မရသည့် မြို့ခံများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ပုံစာ- ဘေးတွဲယာဥ်မောင်းသူတစ်ဦးပေးပို့

#ရန်ကုန်မြို့ #ဘေးတွဲမောင်း #စစ်တပ်ယူနီဖောင်း၀တ် #ကင်းလှည့် #စစ်ကောင်စီ တပ်သား #အရပ်ဝတ်များဖြင့် #ဘေးတွဲပေါ်ထိုက်လိုက် #Ayeyarwaddy_Times