ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

စက်သုံးဆီဈေးနှုန်းသည် ယခုနှစ် ၂၀၂၃ ခုနှစ်၏ နောက်ဆုံးလ ဒီဇင်ဘာ ၁ ရက်နေ့တွင် ရုတ်တရက် မြင့်လာကာ ဓာတ်ဆီ ( အောက်တိန်း ၉၂ နှင့် ၉၅ ) တစ်လီတာလျှင် ကျပ် ၃၄၀ ဈေးခုန်တက်သွားကြောင်း သတင်းရရှိသည်။

ယနေ့စက်သုံးဆီဈေးနှုန်းတွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၁၀ ကျပ် နှင့် ဒီဇယ် ၂၃၀၅ ကျပ် စစ်ကောင်စီ သတ်မှတ်ဈေးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက နေ့စဉ်ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းအတွင်းကလည်း စက်သုံးပြတ်လပ်မှုကို ကြုံတွေ့ရပြီး ပြည်တွင်းစက်သုံးဆီ ဖူလုံရေးအတွက် တစ်လစာ စက်သုံးဆီအရန်ထားကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောကြားထားသည်။

ထိုသို့ ပြောကြားပြီးနောက် တစ်လမပြည့်သေးချိန်တွင်ပင် စက်သုံးဆီ ဈေးကြီးမှုနှင့် ရှားပါးမှုပြန်လည်၍ ထပ်မံကြုံတွေ့နေရပြီဖြစ်ကြောင်း စက်သုံးဆီအသုံးပြုနေရသူများက ဆိုသည်။

“ဆီရှိနေလို့မထည့်ထားတာ တစ်ရက်ထဲ ချက်ချင်းတက်သွားတယ်။ နောက်ဆို ပိုဝယ်ထားရတော့မယ်ထင်တယ်။ တချို့နေရာတွေ ဒီမနက်ဆီမရဘူးလည်းကြားတယ်။ ဆီပြတ်ပြီးလားမသိဘူး။ သင်္ဃန်းကျွန်းဘက်တွေ” ဟု စက်သုံးဆီသုံးစွဲသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ စက်သုံးဆီဈေးနှုန်းတွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၇၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၉၅ ကျပ် နှင့် ဒီဇယ် တစ်လီတာလျှင် ၂၂၀၀ ကျပ်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းက ရန်ကုန်မြို့အတွင်း စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ရပြီး နောက် စက်သုံးဆီ တစ်လစာအမြဲ အရန်ရှိကြောင်း၊ ဆီတင်သင်္ဘောများ ရောက်ရှိပြီးဖြည့်တင်း လျက်ရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းထက် မတန်တဆပိုမိုရောင်းချသည့် ကုမ္ပဏီ (၈) ခုနှင့် အမြတ်တင်ရောင်းရသည့်ကုမ္ပဏီများကို စည်းမျဉ်းဥပဒေနှင့် အညီအရေးယူပြီးဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာ၃၀ ရက်နေ့က စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

တော်လှန်ရေး စစ်ရေးအရှိန်မြင့်နေချိန်တွင် ရန်ကုန်မြို့ကြီးအပါအဝင် နယ်မြို့များတွင် သယ်ယူပို့ဆောင်ရေးအတွက်မရှိမဖြစ်လိုအပ်သော စက်သုံးဈေးနှုန်းကြီး မြင့်နေပြီး နယ်မြို့များတွင် စက်သုံးဆီ တစ်လီတာလျှင် ငွေကျပ် သောင်းဂဏန်းအထိ ပေးဝယ်ရကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကောင်စီက #စက်သုံးဆီဖူလုံရေး #အရန်ဆီတစ်လစာထားရှိ #စက်သုံးဆီဈေးတက် #အောက်တိန်း၉၂၉၅ #ကျပ်၃၀၀ကျော်ခုန်တက် #Ayeyarwaddy_Times