
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ရက်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန် ရေး တပ်ဖွဲများ အကြားထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး အာရှလမ်းပိုင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ခရီးသွားယာဥ်များနှင့် ကုန်တင်ကားများပိတ်မိနေကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦး အချို့ မီးလောင်မှုများရှိနေပြီး ယနေ့ နံနက် ၄ နာရီခန့်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲတွေကတော့ ပြင်းထန်နေတာပဲ။ ကော့ကရိတ်မြို့နယ်ထဲက ဌာနဆိုင်ရာ အဆောက် အဦးတွေလည်း မီးလောင်နေတာတွေရှိတယ်။ လက်နက်ကြီး လက်နက် ငယ်သံတွေကတော့ ဆူညံနေတာပဲ။ ဒီမနက် ၄ နာရီလောက် ကတည်းက တိုက်ပွဲ တွေဖြစ်နေတာ” ဟု မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် ကုန်တင် ကားမောင်းနေသည့် ယာဉ်မောင်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့ပေါ်တွင် ယခင်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အင်းအားများတိုးချဲ့ ဖြည့်တင်းလာ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်ရှား နေကြပြီး အနည်းငယ်သာကျန်ရှိတော့ကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံက သိရသည်။
“ကော့ကရိတ်မြို့ထဲမှာတော့ စစ်ကောင်စီဘက်က နေရာအတော်များများမှာ နေရာ ယူထားတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ အကူစစ်ကြောင်းဆိုတော့ သတင်း ထုတ်ပြန်မှုတွေမလုပ်ဘူး။ စစ်ကောင်စီအင်အားကတော့ အတော်လေးများတယ်။ ကြိုပြီး နေရာယူ ထားကြပုံရတယ်” မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။
မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် ဖြစ်ပွားနေသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းစစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) တော်လှန်ရေး အင်အားစုများ ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် ခရီးသွားယာဥ်များနှင့်ကုန်တင်ကားများပိတ်မိနေစဉ်
#မြဝတီကော့ကရိတ်လမ်းပိုင်း #တိုက်ပွဲပြင်းထန် #ခရီးသွားယာဥ်များ #ကုန်တင်ကားများပိတ်မိ #Ayeyarwaddy_Times