
ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ နိုဝင်ဘာ ၃၀ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ခုတ်ချောင်းကျေးရွာနှင့် သရက်တပင် ကျေးရွာတွင် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အင်အား ၃၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး သရက်တပင်ကျေးရွာနှင့် ခုတ်ချောင်းကျေးရွာ အနီးတွင် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂) ဇော်ဂျီစစ်ကြောင်း နှင့် တပ်ခွဲ-၁ တို့သည် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါစစ်ကြောင်းကို ခုတ်ချောင်းကျေးရွာအနီး နိုဝင်ဘာ ၂၈ ရက်နေ့တွင်”၁၁၂၇ စစ်ဆင်ရေး” တွင် ပါဝင်သည့်အနေဖြင့် ပြည်ခရိုင်တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ-၁၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃ကွန်မန်ဒိုစစ်ကြောင်းက လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးခဲ့ပြီး သုံးဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီ နေရာမှာပဲ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်တာ။ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်း တိုက်ပွဲဖြစ်ပြီးတော့ ပြန်အဆုတ်ပြပြီး မနက်မှာထပ်တိုက်တာ။ အရင်ကတော့ ခုလိုမျိုး စစ်ကြောင်းထိုးတာက ခပ်ကျဲကျဲပဲ ခုနောက်ပိုင်းမှာပိုစိတ်လာတယ်။ စစ်ကြောင်းမှာပါတဲ့ တပ်ရင်းတွေက အတိအကျမသိပေမဲ့ တပ်မ(၆၆) လက်အောက်ခံတပ်တွေနဲ့ ကပစတပ် တွေများတယ်။ အခုသိရသလောက်တော့ စစ်ကြောင်းက ခုတ်ချောင်းကိုပြန်ဆုတ်သွားပြီး ခုတ်ချောင်းမှာရှိတယ်လို့ သတင်းရတယ်” ဟု ပြည်ခရိုင်သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိတွေ့တိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို တိုက်ပွဲဖြစ်ပွားရာနေရာမှ ခုတ်ချောင်းကျေးရွာသို့ သယ်ဆောင်သွားကြောင်းကိုလည်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ကြို့ပင်ဝိုင်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် စိုးမြင့်ကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂) ၊ တပ်ခွဲ-၁ က သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက် အလောင်းကောက်ရန်လာသည့် စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သားခြောက်ဦးနှင့် ရဲနှစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့်ပူးပေါင်းပြီး အချိန်မီ အလင်းဝင်ကြရန် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ က သတိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ – ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂
#ပြည်ခရိုင်PDF #ပေါက်ခေါင်း #ထိတွေ့တိုက်ပွဲ #စစ်ကောင်စီတပ်သား၈ဦးသေဆုံး #Ayeyarwaddy_Times