ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၃၀ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ကျေးရွာတစ်ရွာလျှင် ပြည်သူ့စစ်သင်တန်း တက်ရန် လူခြောက်ဦး ပေးရမည်ဟု စစ်ကောင်စီတပ်က ညွှန်ကြားထား ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယခုနို၀င်ဘာလ တတိယအပတ်မှစတင်၍ နေပြည်တော်ရှိ ကျေးရွာများမှ တစ်ရွာလျှင် လူ ခြောက် ဦး စစ်သင်တန်းတက်ရမည်ဟု ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားထားကြောင်း သိရ သည်။
ရှေ့တန်းစစ်မြေပြင်များ၌ တပ်သားအင်အားပြုန်းတီးပြီး အင်အားလုံလောက်မှု မရှိသည့်အပြင် နေပြည်တော်တွင်ပါ ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ်က ယခုကဲ့သို့ တပ်သားသစ်စုဆောင်းမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း နေပြည်တော် ဌာနဆိုင်ရာများရှိ အရာရှိနှင့် ၀န်ထမ်းများကို အရန်အင်အားဖွဲ့စည်းရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါညွှန်ကြားချက်ကြောင့် နေပြည်တော်ရှိ ဌာနဆိုင်ရာပေါင်းစုံမှ ၀န်ထမ်းများ ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်စာများတင်ခဲ့ကြပြီး ၎င်းတို့၏ နုတ်ထွက်စာများကို လက်ခံခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် တပ်သားအင်အားလိုအပ်မှုရှိနေသော စစ်ကောင်စီတပ်သည် ရန်ကုန်နှင့် မြို့ကြီးအချို့တွင် လူငယ်တချို့ကိုပေါ်တာ ဆွဲသည်ဟုယူဆနိုင်သည့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ယင်းသတင်းများအပြင် စစ်မှုထမ်းဟောင်းနှင့် ရဲအမှု ထမ်းဟောင်းများကို စစ်ကောင်စီ တပ်က ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်ရန် ဆင့်ခေါ်ညွှန်ကြားမှုများ လည်းရှိသည်ဟု သိရသည်။
ယင်းသို့ထွက်ပေါ်လာသည့်သတင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်မှ ပြန်ကြားရေး တာ၀န်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့အနေနှင့် ပေါ်တာမဆွဲသည့်အပြင် စစ်မှုထမ်းဟောင်းနှင့် ရဲမှုထမ်းဟောင်းတွေကို ဆင့်ခေါ်ခိုင်းစေခြင်းမျိုးလည်းမရှိဟု ငြင်းဆိုထားသည်။
ပုံစာ- စစ်ကိုင်းဘက်တွင် ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ် (ပုံဟောင်း)
#နေပြည်တော် #ပြည်သူ့စစ်သင်တန်းတက်ရန် #လူသစ်စုဆောင်း #Ayeyarwaddy_Times