ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊တမူးမြို့နယ်အထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်တွင်တည်ရှိသော စစ်ကောင်စီ၏ သနန်ကျေးရွာအကျဥ်းစခန်းနှင့် ဟုမ္မလင်းမြို့နှင့်တမူးမြို့ကြား သနန်-တုံဟဲ ကျေးရွာကြားရှိUNLF ကသည်းတပ်စခန်းတို့ကို နိုဝင်ဘာ ၂၂ရက်နှင့် ၂၃ရက်တို့တွင် အသီးသီး သိမ်းပိုက်ရရှိခဲ့ကြောင်း ကူကီးအမျိုးသားတပ်-မြန်မာပြည် (Kuki National Army – KNA Burma) က ယမန်နေ့ နိုဝင်ဘာ ၂၇ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

KNAB(Kuki National Army – Burma) နှင့်တမူးခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့သည် နိုဝင်ဘာ ၂၂ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် SNA ရှမ်းအမျိုးသားတပ် (ရှမ်းနီတပ်) နှင့် ပျူစောထီးတပ်များ ခြေကုပ်ယူထားသည့် သနန်ကျေးရွာ အကျဥ်းစခန်းကို စတင်တိုက်ခိုက်ခိုက်ခဲ့ရာ ည ၉နာရီခန့်တွင်လက်နက်ခဲယမ်းများနှင့်အတူ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး သနန်ကျေးရွာမှ သုံးမိုင်ခန့်သာကွာဝေးသည့် UNLF ကသည်းတပ်စခန်းကို နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ၆နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင် စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“ကသည်းစခန်းက ၂၀၂၀လောက်ကတည်းကဗမာစစ်တပ်(စကစ)ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပြည်ဖက်ခြမ်းမှာ လာအခြေချထားတဲ့စခန်းပါ။ အမြဲလိုလို လမ်းဘေးတွေမှာ ဂိတ်ဖွင့်ပြီးပိုက်ဆံတောင်းတတ်တယ်။ ကူကီးလူမျိုးဆိုရင် အနိုင်ကျင့်တယ်။ အာဏာသိမ်းပြီးချိန်ကျတော့ ဗမာစစ်တပ်နဲ့ပေါင်းပြီး PDF တွေကိုခဏခဏတိုက်တယ်။ သူတို့စခန်းကိုသိမ်းလိုက်ပြီလို့ကြားတော့အိမ်ပြင်ထွက်ကြည့်တာ။ KNA ကကုန်ကား သုံးစီးနဲ့ လက်နက်ခဲယမ်းအပြည့်၊ ဖမ်းမိထားတဲ့ရှမ်းနီ၊ကသည်း၊ စကစတပ်သားတွေလည်း ကားပေါ်တင်ခေါ်လာတာတွေ့လိုက်တယ်။” ဟု သနန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၄ရက်နေ့တွင် သနန်ကျေးရွာနှင့်မြို့သစ်မြို့တဝိုက်ကို လေကြောင်းဖြင့်စတင်တိုက်ခိုက်ခဲ့သောကြောင့် အိမ်ခြေ ၂၀၀ကျော်ရှိသည့် သနန်ကျေးရွာ ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပြီး ဖိုင်လင်း၊စေတီ၊မှန်တော၊စိုးသာရွာ၊နန်းအောက်မော် စသည့် ကျေးရွာဒေသခံ တစ်ထောင်ကျော်သည်လည်း ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရကာ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

“တစ်ချို့ကတော့ တောထဲပြေးကြတယ်။ တစ်ချို့ကတော့ ခင်မင်ရင်းနှီးတဲ့ ဆွေမျိုးတွေရှိတဲ့ အိန္ဒိယဖက်ခြမ်းကိုပြေးကြတယ်။ သနန် ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)နဲ့ ရပ်ရွာဘုရားကျောင်းတွေကနေ ရိက္ခာတွေ၊စောင်တွေ၊အနွေးထည်တွေထောက်ပံ့ပေးပါတယ်။၂၄ ရက်နေ့ကထင်တယ်။ သနန်ကိုလေယာဥ်နဲ့လာပစ်သေးတယ်။ပျူစောထီး တွေရဲ့ အိမ်ခြောက်လုံးမီးလောင်သွားတယ် ” ဟု ညဖိုင်လင်းစစ်ဘေးရှောင်တစ်ဦးကပြောသည်။

လက်ရှိတွင် သနန်ကျေးရွာနှင့်ဆယ်မိုင်ခန့် ကွာဝေးသည့် မြို့သစ်မြို့နှင့် တမူးအောက်ပိုင်း ပန်းသာရွာတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကာ ဒေသခံများကို အထူးဂရုပြုကြရန်ဘာသာရေးခေါင်းဆောင်များကလည်း အသိပေးညွှန်ကြားထားသည်။

သနန်ကျေးရွာသည် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အထက်ပိုင်း တမူးမြို့နှင့်မိုင် ၄၀ခန့် ကွာဝေးကာ တမူး – အောင်ဇေယျ ကားလမ်းပေါ်တွင် တည်ရှိသည့်အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်လည်း အချက်ချာကျသည့် စံပြအုပ်စုကျေးရွာဖြစ်သည်။

လယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုကြပြီး ကူကီးလူမျိုးစုများ အများစုနေထိုင်ကြသည့် ဒေသဖြစ်ကာ အာဏာသိမ်းပြီးသည့်နောက် စစ်ကောင်စီ၏ ပူးပေါင်တပ်ဖွဲ့များဖြစ်သောSNA ရှမ်းနီတပ်၊ UNLF ကသည်းလက်နက်ကိုင်တပ်နှင့် ပျူစောထီးတပ်များ ဂိတ်ချ ဆတ်ကြေးကောက်ခံရာ နေရာလည်းဖြစ်သည်။

ပုံစာ – KNA မှထုတ်ပြန်ထားသည့်သနန်အကျဥ်းဦးစီးစခန်းနှင့်ကသည်းတပ်စခန်းမှသိမ်းဆည်းရမိသော ဓာတ်ပုံမှတ်တမ်းများ
#သနန်အုပ်စုကျေးရွာ #မြို့သစ်မြို့ #တမူးမြို့နယ် #ကသည်း #KNAB #စစ်ဘေးရှောင်
#Ayeyarwaddy_Times