
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီတပ်သားများက လုံခြုံရေးအကြောင်းပြ၍ ကျောင်းဝတ်စုံ အဖြူအစိမ်း ဝတ်ဆင်ကာ ကျောင်းအတွင်း ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ရွှေပြည်သာမြို့နယ်ရှိ အထက(၃)၊ အထက(၆)၊ အလက(၆) စသည့် စာသင်ကျောင်းများတွင် ဝင်ရောက်နေထိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ရွှေပြည်သာက အလက(၇) မှာဆိုရင် အလယ်တန်းနဲ့ အထက်တန်းတွေက တစ်ရက် ဆင်းတစ်ရက်တက်လုပ်ရတယ်။ ဒီကိစ္စတွေက အခု နိုဝင်ဘာလကမှ စပြီးဖြစ်လာတာ။ ပြီးတော့ ကျောင်းမှာ ဆရာတွေလည်း သိပ်မရှိကြဘူး။ ဆရာ၊ ဆရာမတွေကလည်း သင်တန်းတက်နေရတယ်။ ဘာသင်တန်းဆိုတာ ဘယ်သူမှ မပြောကြဘူး” ဟု ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလပိုင်းအတွင်းက ရွှေပြည်သာ အထက(၁)တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သားများသည် စာသင်ကျောင်းများရှေ့တွင် သေနတ်ထမ်း၍ ကင်းလှည့်နေခြင်းကြောင့် အမက(၁၅) စာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကြောက်ရွံ့ထိတ်လန့်၍ ပုဂ္ဂလိကဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သားများသည် အဆိုပါဖြစ်စဥ်များ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျောင်းဝတ်စုံ အဖြူအစိမ်းများကို ဝတ်ဆင်၍ ဆရာများ၊ ကျောင်းသားများနှင့် ရောကာ ဟန်ဆောင် နေထိုင်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
“အရင်လကလည်း ကျောင်းသား ကလေးအယောက် ၅၀ လောက် ကြောက်လန့်ပြီး သရဲပူးသလိုဖြစ်တယ်။ အရေးပေါ်ပို့တာကတော့ အဲ့ဒီ ၅၀ ထဲက ခြောက်ယောက်ကို ပို့လိုက်တာ။ ကလေးတွေပတ်ဝန်းကျင်မှာ သေနတ်တွေထမ်းပြီး အုပ်စုလိုက်သွား လာနေကြတော့ ကြောက်ရွံ့ထိတ်လန့်စရာတွေရှိလာလို့ ဖြစ်တာလို့ သိရတယ်” ဟု အမက(၁၅) ကျောင်းဖြစ်စဉ်ကို သိရှိသူ ကျောင်းဆရာတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ရွှေပြည်သာ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၆)၊ အလက(၆)၊ အမက(၄)၊ အမက(၁၆)၊ အမက(၁၃) စသည့် စာသင်ကျောင်းများတွင်လည်း ယခင်က မကြာခဏ ဆိုသလို စစ်ကောင်စီတပ်သားများက တပ်စွဲခဲ့ကြောင်း သိရသည်။
“စာသင်ကျောင်းပရဝဏ်က စစ်တပ် တပ်စွဲရမယ့်နေရာ မဟုတ်ဘူး။ စစ်ကား ကင်းလှည့် တာလည်း မလုပ်သင့်ဘူး၊ ပညာသင်ကြားရေးအတွက် အနှောင့်အယှက် ဖြစ်တယ်။ ပညာသင်ကြားရေးမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း လုံခြုံမှုက တကယ့်ကိုအရေးကြီးပါတယ်။ အခုလို အခြေအနေမျိုးတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ ကလေးတွေက anxiety neurosis (အန်ဇိုင်တီ နျူရိုးဆစ်) လို့ခေါ်တဲ့ စိုးရိမ်ကြောက်လန့်တဲ့ စိတ်ရောဂါတမျိုး ဖြစ်တာမျိုးပေါ့ “ဟု စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက ဆိုသည်။
#ရွှေပြည်သာမြို့ #စာသင်ကျောင်း #စစ်ကောင်စီတပ်သားများ #အဖြူအစိမ်းဝတ်ဆင် #ကျောင်းတွင်းဝင်ရောက်နေထိုင် #Ayeyarwaddy_Times