ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

မြန်မာနိုင်ငံတွင်းသို့ ကုန်စည်တွေ တင်ဆောင်လာတဲ့ ထရပ်ကားအများအပြား မီးလောင်ကျွမ်းပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာလ ၂၅ ရက်မှစ၍ တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ် နေတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေး အေးစက်လာမှုကြောင့် တရုတ်ကိုယ်စားလှယ်က နယ်စပ်ဒေသတည်ငြိမ်ရေး အတွက် နေပြည်တော်မှာ စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် စစ်ကောင်စီထိန်းချုပ် မီဒီ ယာတွေက အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုတစ်ခုလို့ဆိုတဲ့ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားတာပါ။

စစ်ရေးလေ့ကျင့်မှုဟာ လျှပ်တပျက်တုံ့ပြန်မှု၊ နယ်စပ်ပိတ်ဆို့မှုနဲ့ တပ်ဖွဲ့တွေရဲ့ မီးငြိှမ်းသတ်စွမ်းရည်တွေ ကို စမ်းသပ်ဖို့ ရည်ရွယ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လက်အောက်ရှိ စစ်ဌာနချုပ် ၅ ခုအနက်တစ်ခုဖြစ်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က WeChat မှာ ပြောပါတယ်။

စစ်ရေးလေ့ကျင့်မယ့်အချိန်နဲ့ လေ့ကျင့်မှုမှာပါဝင်မယ့် တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်က အသေးစိတ်မဖော်ပြပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြီးမားဆုံး ထိုးစစ်ဆင်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ တိုင်းပြည်တစ်ဝှမ်း မြို့ရွာတွေ၊ စစ်စခန်းတွေ ဆုံးရှုံးနေချိန် နိုဝင်ဘာလ ၂၄ ရက်က မူဆယ်မြို့မှာ ထရပ်ကားတွေ မီးလောင်မှု ဖြစ်ပွား ခဲ့တာပါ။

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံမှာ ပြည်သူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောကြားပါတယ်။

ကိုးကား – Reuters
Ref; Chinese military holds training drills near Myanmar border after convoy fire

#Ayeyarwaddy_Times