
“လွိုင်ကော်မြို့ပေါ်မှာ အရေးကြီးတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး လွိုင်ကော်မြို့ပတ်ချာ လည်မှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေဦးမှာဖြစ်ပါတယ်” (KNDF ဥက္ကဋ္ဌ ခွန်ဘီထူး)
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
============
လွိုင်ကော်မြို့ပေါ်မှာ အရေးကြီးတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး မြို့ပတ်ချာလည်မှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေဦးမယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောဆိုထားတာကို ဧရာ၀တီတိုင်းမ် သတင်းထောက် နိုင်း ကနေဆက်သွယ်မေးမြန်းထားပါတယ်
Ayeyarwaddy Times- အခုဆို လွိုင်ကော်က အခုဆို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ကင်းမဲ့သွားပြီလို့ပြောလို့ရလား။ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေရှိနေသေးလား အဲ့ဒီအခြေအနေကို သိချင်ပါတယ်။
ခွန်ဘီထူး-လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီက တချို့နေရာတွေမှာ အခိုင်အမာ တပ်စွဲပြီးမှ ခုခံတိုက်ခိုက်ဖို့ ပြင်နေတုန်းဖြစ်သလို ကျွန်တော်တို့ဘက်ကလည်း နေရာအနှံ့မှာ ၀င်ရောက်ပြီး အရေးကြီးတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတုန်းပဲဖြစ်ပါတယ်။ အဲ့တာကြောင့်မို့ လွိုင်ကော်မြို့ပတ်ချာ လည်မှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေဦးမှာဖြစ်ပါတယ်။
Ayeyarwaddy Times-ကရင်နီမှာ ၁၁.၁၁ စစ်ဆင်ရေးစတင်ကတည်းကနေ အခုအချိန်ထိ စစ်ရေးအရ ဘယ်လောက်ထိအောင်မြင်ခဲ့ပြီလဲဆိုတာကို ပြောပြပေးလို့ရမလား။ (ပြောပြပေးလို့ရသလောက်ပေါ့နော်)
ခွန်ဘီထူး¬- စစ်ဆင်ရေး တစ်ခုလုံးက အောင်မြင်မှုတွေရှိပါတယ်။ ရန်သူဘက်က ကျဆုံးမှု အများအပြားရှိသလို သူတို့ရဲ့ဒေါက်တိုင်တွေအများစုပြိုလဲတယ်လို့ပြောလို့ရပါတယ်။ ရန်သူဘက်က တစ်နိုင်ငံလုံးက စစ်ဆင်ရေးတွေနဲ့ ရင်ဆိုင်ရတဲ့အတွက် ကျွန်တော်တို့ ဆီကို ရန်သူဖက်ကစစ်ကူတွေနဲ့ တခြားသော ပံ့ပိုးမှုတွေက နည်းပါးတယ်။ အဲ့ဒီ အတွက် ကျွန်တော်တို့ဘက်က အင်အားတွေနဲ့ အစီအစဉ်တွေကို ပိုမိုပြီး ကြပ်ကြပ်မတ်မတ် ချမှတ် နိုင်တဲ့အတွက် ပိုပြီးတော့ အောင်မြင်မှုရှိပါတယ်။
Ayeyarwaddy Times- လွိုင်ကော်တက္ကသိုလ်က Non CDM ဆရာ၊ ဆရာမတွေ အပြင် လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာက Non CDM တွေ၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ ထွက်ပြေးသွားပြီ ဆိုပြီးကြားရတယ်။ သူတို့နဲ့ ပတ်သက်ပြီး ပြောပြပေးနိုင်မလား။
ခွန်ဘီထူး- Non CDM တွေနဲ့ပတ်သတ်ပြီးမှ အသက်ရှင် လျက်ရှိကြောင်း ပြောလို့ပါတယ်။ လွိုင်ကော်တက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ သူတွေ ကို ခေါ်ထုတ်ထား သလို ကျန်တဲ့ Non CDM တွေကိုလည်း အပြစ်ပေးအရေးယူလိုတဲ့ လူတွေရဲ့ လက်ချက်ကနေပြီးတော့ မလိုအပ်ဘဲနဲ့ သတ်ဖြတ်ခံရမှုတွေမဖြစ်အောင် ထိန်းသိမ်း ထားပါတယ်။ အခုသူတို့ကို အမှုတွေစစ်ဆေးနေတယ်။ စစ်ဆေးမှုတွေကတော့ ကော်မရှင်ဖွဲ့ပြီးမှ ဘယ်သူကဘယ်လို ရန်သူဖြစ်ပြီး ဘယ်လောက်အရေးပါသလဲ၊ ဘယ်လောက် ပြစ်မှုတွေ ကျူးလွန်နိုင်မှုရှိလဲ။ နောက် သူတို့ရဲ့ လူမှုကွန်ရက် Facebook၊ သူတို့ရဲ့ ပြောဆိုမှုတွေကနေပြီးတော့မှ CDM တွေ အရပ်သားတွေနဲ့ PDF တချို့ ဖမ်းဆီးခံရ တာတွေရှိလား ဆိုတာမျိုးတွေကို ဖော်ထုတ်ပြီးမှ သင့်တော်တဲ့ အရေးယူဆောင်ရွက်မှု တွေဆက်လုပ်သွားဖို့ရှိပါတယ်ဗျ။
Ayeyarwaddy Times- လွိုင်ကော်ဒေသခံတွေ တော်တော်များများကတော့ မြို့ကနေ ထွက်သွားကြတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ အဲ့ဒီ ကြားထဲမှာ လက်မခံတဲ့ နေရာတွေရှိတယ်ဆိုတာတွေလဲ ကြားနေရတယ်။ လက်ရှိလွိုင်ကော်မြို့ပေါ်ကနေ စစ်ဘေး ရှောင်နေကြရ သူတွေ ဘယ်လိုအခြေအနေ ရှိမလဲဆိုတာ သိချင်ပါတယ်။
ခွန်ဘီထူး¬- ပြည်သူတွေ တော်တော်များများ ကိုးဆယ်ရာခိုင်နှုန်း လောက်က စစ်ရှောင်ပြီလို့ ယူဆရတယ်။ တချို့ကျန်နေသေးတဲ့ စစ်ရှောင်နိုင်သေးတဲ့သူတွေ စစ်ရှောင်နိုင်ဖို့အတွက်ကို သွားစေချင်တယ်။ ဒီလိုစစ်ရှောင်ရတဲ့အချိန်မှာ တချို့သော နယ်မြေတွေတခြားမြို့ရွာတွေကို သွားလာရတဲ့အချိန်မှာ အဆင်မပြေတာတွေကို ကျွန်တော်တို့လည်းကြားရပါတယ်။ သက်ဆိုင်ရာ မြို့နယ်အသီးသီးက လူမှုကူညီရေး အသင်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လူသားချင်းစာနာတဲ့အနေနဲ့ ဝိုင်း၀န်း ကူညီနေကြတယ်လို့လည်း ကြားပါတယ်။ စစ်ရှောင်နေရတဲ့အတွက် အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ သို့သော်အားလုံးက ဒီအခြေအနေတွေကို ကျော်လွှားနိုင်ကြ လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ စစ်ရှောင်ပြည်သူတွေကို ကျွန်တော်တို့ကတော့ အကောင်းဆုံး ဆက်လက်ပံ့ပိုးနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းပြီးမှ မိတ်ဆက်ပေးတာတွေ စောင့်ရှောက်ဖို့အတွက် မေတ္တာရပ်ခံတာက လွဲရင် လောလောဆယ် ပြည်နယ်အစိုးရအနေနဲ့ရော တပ်ဖွဲ့တွေအနေနဲ့ရော စစ်ဆင်ရေး အောင်မြင်နိုင်ဖို့အတွက်ကို အဓိက ဦးတည်ပြီးမှ လုပ်ဆောင်နေပါတယ်ဗျ။
Ayeyarwaddy Times- ပျက်ကျသွားတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်က လေထီးနဲ့ ခုန်ချသွားတဲ့ လေယာဉ်မှူး တစ်ဦးကိုတော့ အရှင် ဖမ်းမိထားပြီ။ သူ့ကိုဘယ်လိုမျိုး ဆက်လက်အရေးယူမယ်ဆိုတာကိုပြောပြပေးလို့ရမလား။ ဖမ်းမမိသေးတဲ့ နောက် တစ်ယောက် အကြောင်းရော သတင်းရမိတာမျိုးရှိလား။
ခွန်ဘီထူး- ကျွန်တော်တို့ ဖမ်းမိတဲ့ လေယာဉ်မှူးကိုတော့ အရပ်ဖက်တရား ရုံးဖက် ကိုပေါ့နော် ကျွန်တော်တို့ပြည်နယ်အစိုးရနဲ့ ရဲတရားရေးဘက်က သင့်တော်တဲ့ ပုဒ်မနဲ့ တရားစွဲတင်နိုင်ဖို့ကိုလုပ်သွားပါမယ်။ သူတို့ရဲ့ တိုက်လေယာဉ်နဲ့ ပြည်သူလူထုကို ဗုန်းကြဲခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးမှ မှတ်တမ်းမှတ်ရာတွေ အများကြီး ရှိတဲ့အတွက် သင့်တော်တဲ့ပြစ်ဒဏ်တွေကိုတရားရုံးဘက်က ချမှတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မဖမ်းမိသေးတဲ့ လေယာဉ်မှူးတစ်ဦးကိုတော့ ဆက်လက်ပြီး ရှာဖွေဖို့ လုပ်နေတုန်းပဲဖြစ်ပါတယ်။
#KNDFဥက္ကဋ္ဌခွန်ဘီထူး #လွိုင်ကော်မြို့ပတ်ချာလည် #တိုက်ပွဲဆက်လက်ပြင်းထန် #အင်တာဗျူး #Ayeyarwaddy_Times