
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်နို၀င်ဘာလ အတွင်းကစတင်ပြီး လုံခြုံရေးအကြောင်းပြကာ ရပ်ကွက်များတွင်ညစဥ် နေအိမ်များကို ဧည့်စာရင်း၀င်စစ်ကာ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းခံနေကြောင်း ပုသိမ်မြို့ခံများထံမှသိရှိရသည်။
“သူတို့လာစစ်တဲ့အချိန်ဆို အိမ်မှာရှိတဲ့လူအကုန်လမ်းပေါ်ထွက်ပြီးရပ်ရတယ်။ အိမ်ဌားနေတဲ့လူတွေဆို ရပ်ကွက်အိမ်ထောင်စုစာရင်းမှာမပါလို့ဆိုပြီး တစ်ယောက်တစ်သောင်းဒဏ်ရိုက်တယ်။ သူတို့လာရင် အုပ်ချုပ်ရေးမှူးရုံးက ဧည့်ခံဖို့ ရပ်ကွက်တွင်းက ပြေလည်သူတွေကိုငွေခွဲတမ်းချတာမျိုးတွေလုပ်နေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ညစဥ် စစ်ကောင်စီတပ်၊ ရဲ၊ အရန်မီးသတ်နှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လှည့်ကင်း၊ ကင်းပုန်းများ၀ပ်နေပြီး လူငယ်တစ်ချို့ကို မင်္သကာဟု အကြောင်းပြပြီး ဖမ်းဆီးကာ မိသားစုကို အကြောင်းကြား၍ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။
ယုခုရက်ပိုင်းအတွင်း ပုသိမ်မြို့သို့ PDFအင်အား ၅၀ ခန့်ရောက်ရှိနေကြောင်းသတင်းများထွက်ပါ်ခဲ့ပြီးနောက်ပိုင်း စစ်ဆေးမှုများတင်းကြပ်လာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။
ပုသိမ်မြို့နယ်တွင် ယခင်က တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဧည့်စာရင်းစစ်ဆေးခြင်းများပြုလုပ်သော်လည်း နို၀င်ဘာလပထမပတ်ကစတင်ကာ ညစဥ်တိုင်းရပ်ကွက်အလိုက် စစ်ဆေးနေပြီး အိမ်ဌားနေထိုင်သူများ၏ နေအိမ်များကိုအဓိကထား စစ်ဆေးနေကြောင်းသိရသည်။
#ပုသိမ်မြို့ #စစ်ကောင်စီလက်အောက်ခံများ #ဧည့်စာရင်းစစ်ဆေး #အကြောင်းအမျိုးမျိုးပြ #ငွေတောင်းခံနေ #Ayeyarwaddy_Times