နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ည ၇ နာရီတွင် လက်နက် ခဲယမ်းများနှင့်အတူ ရက္ခိုင့်တပ်တော်(AA) ထံ အလင်းဝင်ရောက်သွားကြောင်း ဒေသခံများ ထံကသိရသည်။
စစ်ကောင်စီလက်အောက်ခံ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ ထိုသို့ အလင်းဝင်ရောက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ရဲစခန်းတွင် တပ်စွဲလျက်ရှိကြောင်း သိရသည်။
“လက်နက်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက် ဦးက ကစ္ဆနဒီ တံတားဂိတ်ကပါ။ လက်နက် အပြည့်စုံနဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဆီ အလင်းဝင်ရောက်သွား တာဖြစ်ပါတယ်။ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေပါ ပါလာမှာစိုးလို့ ရဲစခန်းထဲ ဝင်ပြီးစခန်းချ တပ်စွဲလိုက်တာပါ” ဟု ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိ ကျောက်တော်မြို့နယ် တစ်မြို့နယ်လုံးတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသလို အင်တာနက်သုံးစွဲသူများမှာလည်း မြို့နှင့်အလှမ်းဝေးသည့် နေရာများတွင် သွားရောက်သုံးနေရကြောင်း ကျောက်တော်မြို့ ဒေသခံများ ထံက သိရသည်။
ကျောက်တော် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစ္ဆပန ဒီတံတားဂိတ်တွင် အထိုင်ချပြီး ကျောက်တော်မြို့နယ်ရှိ လူနေရပ်ကွက်နှင့် ကျေးရွာများ ကိုလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုနေပြီး ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လည်း ရဟတ်ယာဉ်များဖြင့် ကင်းလှည့် လည်မှုများပြု နေကြောင်း သိရသည်။
#ကျောက်တော် #မြို့မရဲစခန်း #ရဲတပ်ဖွဲ့ဝင်၆ဦး #ရက္ခိုင့်တပ်တော်AA #လက်နက်နှင့်အတူအလင်းဝင် #Ayeyarwaddy_Times