ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကိုးတန်းကျောင်းသူတစ်ဦးတွင် ကိုယ်ဝန်ရှိနေသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ရဲနှင့် အုပ်ချုပ်ရေးမှူးမှ အမှုဖွင့် အရေးယူခြင်းမရှိဘဲ ခံဝန်ထိုး၍ လက်ထပ်ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

ပန်းတနော်မြို့နယ် ၊ ကျုံလမ်းအုပ်စုမှ အလယ်တန်းကျောင်းသူ မဖြူဖြူ (အမည်လွှဲ) တွင် ကိုယ်ဝန်ရှိကြောင်းသိရှိခဲ့ပြီး မေးမြန်ရာ ကျူးလွန်သူမှာ ကိုအောင်ကို ဆိုသူဖြစ်​ကြောင်းသိရှိခဲ့ရသော်လည်း ဝန်ခံခြင်းမရှိသဖြင့် ရဲတိုင်ကာ ဖမ်းဆီးခိုင်းခဲ့​ကြောင်းဒေသခံများထံမှသိရသည်။

“ဖြစ်စဥ်ကတော့ ဒီကျောင်းသူလေးက ကိုး တန်းတတ်နေတာပါ။ အသက်က ၁၇ နှစ်ရှိပါပြီ။ ကလေးကမူမမှန်တော့ စစ်လိုက်တာ ကိုယ်ဝန် သုံးလရှိနေတာသိရတယ် ။ ဘယ်သူနဲ့ရလည်းမေးတော့ ရွာက အောင်ကိုနဲ့ ရတယ်လို့ပြောတယ် ။ အောင်ကို ကိုခေါ်မေးတော့ သူနဲ့ရတာမဟုတ်လို့ မယူနိုင်ဘူးလို့ငြင်းတာနဲ့ မိဘတွေက သုံးခွစခန်းကိုတိုင်ပြီး လာဖမ်းသွားပါတယ် “ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တရာခံဆိုသူ ကိုအောင်ကိုအား သုံးခွစခန်းမှ လာရောက်ဖမ်းဆီးပြီးနောက်နေ့တွင် သုံးခွစခန်းမှူးနှင့်အုပ်ချုပ်ရေးမှူးက ကိုအောင်ကိုအနေဖြင့် မင်္ဂလာဆောင်စရိတ် သိန်း ၄၀ ကုန်ကျခံ၍ ယူရန်နှင့် မယူပါက သိန်း၃၀၀ ပေးရမည်ဟု ခံဝန်ထိုးခိုင်ခဲ့ပြီးအရေးယူခြင်းမရှိကြောင်းဒေသခံများကဆိုသည်။

“အောင်ကို ကိုဖမ်းသွားပြီး နောက်နေ့မှာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးက ကောင်မလေးကို မင်္ဂလာဆောင်ဖို့ သိန်း ၄၀အကုန်ကျခံရမယ်။ မယူရင် သိန်း ၃၀၀ ပေးရမယ်ဆိုပြီးခံဝန်ထိုးပြီးယူခိုင်းတယ်လို့ပြောတယ်။ အောင်ကိုဆိုတာလည်းရွာမှာ နှစ်လုံးသုံးလုံးဒိုင်ကိုင်နေတဲ့ကောင်ပါ။ သူတို့ကျေအေးတာမအေးတာထက် အခုဖြစ်နေတာကကျောင်းသူပါ။ ရွာမှာကအလယ်တန်းကျောင်းဖွင့်ထားတဲ့အတွက် ဒါမျိုးက်ိုလွှတ်ထားရင်နောက်ကလေးတွေအတွက် ဒီလိုမျိုးတွေဆက်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ကတော့အရေးယူစေချင်တယ် “ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

NLD အစိုးရလက်ထက်တွင် သက်ငယ်မုဒိန်းမှုများတွင် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်များကိုယ်တိုင်ဦးဆောင်ကာ ဖမ်းဆီတရားစွဲခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ငွေပေး၍ ဖြေရှင်းနေကြကြောင်း ရှေ့နေအသိုင်းဝိုင်းထံက သိရသည်။

“ဒါမျိုးတွေက အခုတိုးတတ်နေတဲ့ခေတ်မှာ ကလေးတွေ လိင်ပညာပေးတာတွေလိုအပ်နေတာလည်းပါတယ် ။ အခုက အုပ်ချုပ်ရေးပိုင်းနဲ့ ရဲစခန်းက ပြဿနာပြေလည်ရေးအတွက်လုပ်လိုက်ပေမယ့် မသိတဲ့ကလေးတစ်ယောက်ရဲ့အနာဂတ်ကိုရိုက်ချိုးလိုက်သလိုပါပဲ ။ ပြောရမယ်ဆိုရင် ဒါက သက်ငယ်မုဒိန်းမှုလည်းမြောက်ပါတယ်။ အခုလိုဖြေရှင်းလိုက်ခြင်းက သက်ငယ်မုဒိန်းမှုတွေထပ်ဖြစ်လာဖို့ အားပေးရာရောက်ပါတယ် ။ အရေးမယူတဲ့စခန်းမှူးနဲ့ ပြီးပြီးရောဖြေရှင်းတတ်တဲ့အုပ်ချူပ်ရေးမှူးကိုပါ သက်ဆိုင်ရာဌာနတွေက အရေးယူသင့်တယ်လို့မြင်တယ် “ဟု ရှေ့နေ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါသက်ငယ်မုဒိန်းမှုအား စစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ အရက်ပုန်းဆိုင်ပိုင်ရှင်နှင့် သုံးခွစခန်းတို့မှ သိန်း ၄၀ နှင့် ညှိနှိုင်းပေးမှုအတွက် ဒေသခံများက ကန့်ကွက်ပြောဆိုနေကြောင်း သိရသည်။

#ပန်းတနော်မြို့နယ် #သက်ငယ်မုဒိန်းမှု #အရေးယူခြင်းမရှိ #ခံဝန်ထိုးလက်ထပ်ခိုင်း #Ayeyarwaddy_Times