နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၂၀ ရက်

အာဏာသိမ်း စစ်ကောင်စီက ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ နေ့စဉ်လိုလို ဖမ်းဆီးနေသော်လည်း တရုတ်အစိုးရ အလိုရှိသည့် အကြီးစားစီးပွားရေး လုပ်ငန်းရှင်များကိုမူ ဖမ်းဆီးအပ်နှံခြင်း မရှိသေးသည်ကို တွေ့ရှိ ရကြောင်း ရှမ်းမြောက်ဒေသခံများထံက သိရသည်။

တရုတ်အစိုးရ အနေဖြင့် နိုင်ငံတကာတွင် ၎င်းတို့ နာမည်ပျက်နေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကိုင်တွယ်လာနေပြီး စစ်ကောင်စီ၏ တရားခံ ဖမ်းဆီးမှုအပေါ်တွင်လည်း အားမလိုအားမရ ဖြစ်နေကြောင်း သိရသည်။

“နေ့စဉ်နီးပါးကို လိုက်ဖမ်းနေတယ်။ ဒါပေမယ့် တကယ့်အကြီးစားတွေကိုတော့ တရုတ်လက်ထဲ မအပ်ဘူး။ ပြီးခဲ့တဲ့ ချင်းရွှေဟော်တိုက်ပွဲ ပြီးတဲ့နောက်မှာ ရဟတ် ယာဉ်တွေ တောက်လျှောက် သူတို့(စစ်ကောင်စီ)နဲ့ တကယ့်ကို လုပ်ငန်း ထဲထဲဝင်ဝင် လုပ်နေတဲ့ အကြီးစားတွေဆို ချက်ချင်းနေရာ ရွှေ့လိုက်တယ်။ တရုတ်လက်ထဲအပ် တာမျိုး မဟုတ်ဘဲနဲ့ အခြားနေရာကို ပို့ဆောင်တာမျိုးတွေ့ရတယ်။ တရုတ်လက်ထဲ အပ်တာတွေ အများစုက အသေးစားနဲ့ အလတ်စားလောက်ပဲ” ဟု ရှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ကမ္ဘာတစ်ဝန်းတွင် လူထောင်နှင့်ချီ၍ လူမှောင်ခိုကူးကာ ဒေါ်လာ ဘီလီယံချီ ခိုးယူနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံထားသော နယ်ခြား စောင့်တပ်ဖွဲ့များအား ထိန်းချုပ်ထားသည်ဟု ပြီးခဲ့သည့် မေလပိုင်းတွင် တရုတ်နိုင်ငံက ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်အစိုးရသည် ၎င်းတို့အလိုရှိရာ လူပုဂ္ဂိုလ်များကို ဆုငွေနှင့်တကွ ဖမ်းဝရမ်းများ ထုတ်လာပြီး ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းလာသည့်အခါများတွင် စစ်ကောင်စီကပါ လိုက်လံ၍ ဝရမ်း ထုတ်လာသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း တရုတ်နိုင်ငံ၊ လင်ချန်းခရိုင်၊ ကျိန်းခမ်းမြို့ နယ်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲတက်ရန် ရောက်ရှိနေသည် ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခံရသူများတွင် ကာစီနိုဟိုတယ်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများစွာကို ကိုးကန့် နယ်ခြားစောင့်တပ်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် လောက်ကိုင်မြို့အခြေစိုက် Fully Light ကုမ္ပဏီဒါရိုက်တာ နာမည်ကြီး ဘီလီယံနာ ဦးမောင်မောင် (Liu Zhengxiang) လည်း ပါဝင်ခဲ့ပြီး ထိုကုမ္ပဏီသည် ယခင်အစိုးရ အဆက်ဆက်အပြင် စစ်ကောင်စီနှင့်လည်း နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း သိရသည်။

“ကုန်စည်ပြပွဲကို အကြောင်းပြပြီးတော့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ကို ဖမ်းလိုက် တဲ့ကိစ္စမျိုးတွေ။ ဒါဆိုလည်း စစ်ကောင်စီဘက်က လူတွေရယ်၊ တရုတ်ဘက်ကရယ် ကြိုတင်ညှိနှိုင်းပြီး ဂွင်ဆင် ဖမ်းတဲ့အခြေအနေလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ကို ကုန်စည်ပြပွဲ ဗန်းပြပြီးတော့ စစ်ကောင်စီရဲ့ ဒေသဦးစီးအဖွဲ့ကပဲ ဦးဆောင်ပြီး ခေါ်သွားတာ။ အဲဒီမှာ တရုတ်က သူတို့ကို ဖမ်းလိုက်တာ” ဟု ကိုးကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSP ဥက္ကဋ္ဌနှင့် နီးစပ်သူ အရာရှိ နှစ်ဦးဖြစ်သည့် ‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့တို့ကို အွန်လိုင်းလိမ်လည်မှု စွပ်စွဲချက်ဖြင့် တရုတ်အစိုးရက ဆုငွေနှင့်တကွ ဖမ်းဝရမ်းထုတ်ခဲ့သည်။

တရုတ်ငွေ ယွမ်ငါးသိန်းအထိ ဆုငွေထုတ်ထားသော ၎င်းတို့နှစ်ဦးကို ဝရမ်းထွက်ပြီး မကြာခင် ရာထူးက ထုတ်ပယ်လိုက်သည်ဟု UWSP က ကြေညာခဲ့သလို စစ်ကောင်စီ လက်အောက်ခံ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဟိုပန်ခရိုင်တရားရုံးကလည်း ဖမ်းဝရမ်း ထုတ်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းအပြင် ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင် လောက်ကိုင်မြို့ ကြံ့ခိုင်ရေးအမတ်ဟောင်း မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျွီလန်နှင့် မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ လေးဦးကို တရုတ်အစိုးရက ဆုငွေနှင့်တကွ ထပ်မံ၍ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ စစ်ကောင်စီကလည်း ၎င်းတို့လက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးမှတဆင့် လိုက်လံဝရမ်းထုတ်ခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၁၆ ရက်နေ့တွင် တရုတ်နှင့် စစ်ကောင်စီတို့က ဖမ်းဝရမ်း ထုတ်ထားသည့် အဆိုပါမိသားစုဝင် လေးဦးအနက် သမီးဖြစ်သူ မြီကျွီလန်မှလွဲ၍ ကျန် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးစဉ် မြီရှောက်ချန်းမှာ ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင် အကြီးစား စီးပွားရေး လုပ်ငန်း ရှင်ဖြစ်သူ မြီရှောက်ချန်း သေဆုံးသွားမှုနှင့် ပတ်သက်၍ ထိုသို့ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်မူ ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ တရုတ်ထံ မပေါက်ကြားရန် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ထောက်ပြ ပြောဆိုမှုများရှိနေသည်။

“သူ့(မြီရှောက်ချန်း)ဆီမှာက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကျားဖြန့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရယ်နဲ့ တရုတ်ဘက်က လိုချင်တဲ့ အချက်အလက်တွေ အများကြီးရှိတယ်။ အဲဒီအတွက် တရုတ်ကလည်း သူတို့မိသားစုကို ဖမ်းဝရမ်းထုတ်ခဲ့တယ်။ ဒီအချက်အလက်တွေ မပေါက်ကြားအောင်၊ တရုတ်ဘက် မရောက်အောင် စစ်ကောင်စီက နှုတ်ပိတ်ပြီး ပျောက်လိုက်တာမျိုးက ပိုပြီးတော့ ဖြစ်နိုင်ချေရှိတယ်လို့ ပြောကြတယ်” ဟု ကိုးကန့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) ညီနောင် မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ရှမ်းမြောက် ထုတ်ပြန်ချက်တွင် ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအကြောင်း အဓိက အချက်အနေဖြင့် ထည့်သွားပြောဆိုခဲ့ပြီး အဆိုပါလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး၍ တရုတ်ထံ လွှဲပြောင်းပေးနေကြောင်း သိရသည်။

“တရုတ်ဘက်က ကျားဖြန့်လုပ်နေတဲ့ သူတို့နိုင်ငံသားတွေ၊ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သူတို့လက်ထဲအပ်ဖို့ ဒီစစ်ဆင်ရေး မတိုင်ခင်ကတည်းက အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးပြီ။ စစ်ကောင်စီဘက်က ဒါကို မလိုက်လျောပေးခဲ့ဘူး၊ မလုပ်ပေးခဲ့ဘူး။ အဲဒီအတွက်ကြောင့်လည်း အခုလိုမျိုး ပြင်းပြင်းထန်ထန် ဖြစ်လာ တာမျိုးကိုလည်း တွေ့ရတယ်။ ဒါကြောင့် တရုတ်နဲ့ စစ်ကောင်စီအကြား ဆက်ဆံရေးက မကောင်းတဲ့ အခြေအနေလို့ ပြောလို့ရတယ်” ဟု ရှမ်းမြောက်အရေး လေ့လာစောင့် ကြည့်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီ #အွန်လိုင်းငွေလိမ်ဂိုဏ်းများ #ဖမ်းဆီး #တရုတ်အလိုရှိသူများ #ပါဝင်ခြင်းမရှိ #ပတ်သက်မှုများရှိနိုင် #Ayeyarwaddy_Times
Boost this