ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

ဘဏ်များသည် လက်ရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်ဆောင်ရွက်နေသော်လည်း တစ်ပတ်လျှင်ကျပ် သိန်း ၂၀ သာထုတ်ယူခွင့်ရမည်ဖြစ်ပြီး သတ်မှတ်ချက်သန်း ၁၀၀ ကျော်လွန်ထုတ်ယူသူများကို စစ်ကောင်စီ၏ စသုံးလုံး အပါအဝင် အဖွဲ့သုံးဖွဲ့ဖြင့် စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ငွေကြေးခဝါချမှု ဗဟိုအဖွဲ့ကသတ်မှတ်ထားသော ကျပ်သန်း ၁၀၀ ကျော်ထုတ်ယူသူများ ကို ဘဏ်များမှ ငွေကြေးဆိုင်ရာစုံစမ်းထောင်လှမ်းရေးအဖွဲ့ (FIU) ထံ စာရင်း ပေးပို့ရကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါက်တာ လင်းအောင်က ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာပါ အင်တာဗျူးဖြေကြားမှုတွင် ပြောကြားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘဏ်များတွင် အပ်နှံငွေကို လိုအပ်သလောက်ထုတ်ယူနိုင်ပြီး ယခုအခါ စာရင်းအကောင့်တစ်ခုကို တစ်ပတ်လျှင် ကျပ် သိန်း ၂၀ သာထုတ်ပေးမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့က ဘဏ်တွင် ငွေသွားရောက် ထုတ်ယူသူတစ်ဦးထံက သိရသည်။

“ ဒီနေ့မနက် ၉ နာရီမထိုးသေးဘူး။ ဘဏ်ရှေ့မှာလူတွေတန်းစီနေပြီ။ ဘဏ်တွေကနေ ကျပ် သိန်း ၂၀ ပဲထုတ်လို့ ရတယ်လို့ပြောတယ်။ အရင်တစ်ခါကလို ငွေထုတ်မရဘူးဆိုပြီး ရာခိုင်နှုန်းနဲ့ ငွေထုတ်ရအောင်လုပ်နေတာ လားမသိဘူး” ဟု ဘဏ်တွင် ငွေသွားရောက် ထုတ်ယူခဲ့သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိငွေထုတ်ယူများထဲတွင် ကျပ်သန်း ၁၀၀ ကျော်ထုတ်ယူထားသူများကို မြန်မာနိုင်ငံ တော် ဗဟိုဘဏ်အပါအဝင် စုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ) နှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့(FIU)တို့က စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌက ဒေါက်တာလင်းအောင်က ဆိုသည်။

“အခုငွေထုတ်များတဲ့သူတွေကိုအားလုံးကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ FIU တို့က အနီးကြီးကြပ်စောင့်ကြည့်နေ တာဖြစ်တဲ့အတွက်ဈေးကစားမှုတွေမှာ ပါဝင်ပတ်သက် နေရင် ထိရောက်စွာအရးယူသွားမယ်” ဟု ၎င်းက ပြောကြားထားသည်။

လက်ရှိဘဏ်များမှ ငွေထုတ်ယူရာတွင် Special Account စာရင်းဖြင့် ငွေသား ထားသည့်ပမာဏအတိုင်း ထုတ်ယူနိုင်ခြင်း၊ ငွေစုစာရင်း (Saving Account) ဖြင့် တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူနိုင်ခြင်း၊ စာရင်းသေအပ်ငွေ ( Fixed Deposit ) ဖြင့် သက်တမ်းပြည့်ချိန်တွင်ငွေသားထုတ်ယူနိုင်ကြောင်းသိရသည်။

ယင်းပြင်ဘဏ်များက နေရာအကျယ်အဝန်းကိုမူတည်ပြီးငွေသိုလှောင်ခန်းထားရှိရသဖြင့် ငွေအပ်နှံသူများက ထုတ်ယူမည့်ငွေပမာဏကိုဘဏ်များထံ ကြိုတင်အကြောင်းထားလျင် အဆင်ပြေမည်ဖြစ်ပြီး ဘဏ်များမှ ငွေထုတ်ယူရန် လှုံ့ဆော်ရေးသားဝါဒဖြန့်နေသူများကို ဥပဒေပြဌာန်းနှင့်အညီ အရေးယူပြီးထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ဗဟိုဘဏ်က ဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့နယ်ရှိ ရိုးမဘဏ်ခွဲသည် အင်တာနက် လိုင်းပြတ်တောက်သဖြင့် ယာယီပိတ်ထားခြင်း၊ နယ်ဘက်ရှိဘဏ်ဝန်ထမ်းများ လစာ နှစ်လစာကြိုရကြောင်းသတင်းထွက်ပေါ်မှုများကြောင့် ဘဏ်များအပေါ် ငွေအပ်နှံသူများ ယုံကြည်မှုလျော့နည်းကာ ငွေပြန်လည်ထုတ်ယူသူများပြားလာသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဗဟိုဘဏ် #အဖွဲ့သုံးဖွဲ့စောင့်ကြည့် #ကျပ်သန်း၁၀၀ပိုထုတ်သူ #Ayeyarwaddy_Times