
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၂၀ ရက်
ကရင်နီပြည်နယ် “၁၁၁၁ စစ်ဆင်ရေး” နေ့ ပထမရက်အတွင်း ပစ်ချခံလိုက်ရသည့် စစ်ကောင်စီတိုက်လေယာဉ် ပျက်ကျစဉ် လေထီးဖြင့် ခုန်ချထွက်ပြေးသွားသူ လေယာဉ်မောင်း နှစ်ဦးအနက် ဗိုလ်မှူးခိုင်သန့်မိုးကို ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးသည် စစ်တက္ကသိုလ် အပါတ်စဉ် ၄၄ ဆင်းဖြစ်ပြီး တောင်ငူအခြေစိုက် လေတပ်စခန်းမှ ဖြစ်ကာ လေယာဉ်ပျက်ကျမှုဖြစ်စဉ်အပြီး ၈ ရက်အကြာတွင် တောတွင်းတစ်နေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
“တောထဲမှာ ၇ ရက်လောက်နေပြီး ၁၉ရက်နေ့ နေ့လယ်မှာ နေပြည်တော် pdf နဲ့ တပ်ပေါင်းစုက ဖမ်းဆီးရမိခဲ့တယ်။ တောထဲမှာ ရှိတာစားပြီးနေခဲ့တာလို့သိရတယ်။ ဒီလူတွေပျောက်နေတာ ၁၁ ရက်နေ့ထဲကပါ။ ကြားထဲမှာ ရက်တွေအများကြီးကျန်တာကို စစ်တပ်က မရှာနိုင်ခဲ့ဘူးဆိုတော့ သူတို့ရဲ့အင်အားမလုံလောက်တာတွေနဲ့ မြေပြင်မှာ ထိန်းချုပ်နိုင်မှုမရှိတော့ဘူးဆိုတာကိုသိနိုင်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူးခိုင်သန့်မိုးမှာ ကရင်နီ၊ ဒီးမော့ဆိုရှိ ဘုရားဖြူ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ကချင်ပြည်နယ်ရှိ တာဝါတိုင်ကုန်း လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ ကြောင်းလည်း သိရသည်။
ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး ၎င်းနှင့်အတူ လေထီးဖြင့်ခုန်ချ ထွက်ပြေးသွားသည့် တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည် မောင်ကိုမူ ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရသည်။
ကရင်နီတွင် ပျက်ကျခဲ့သည့် K-8 အမျိုးအစားဂျက်တိုက်လေယာဉ်သည် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကရင်နီသို့ လေကြောင်းတိုက်ခိုက်မှု လာရောက်လုပ်ဆောင်စဥ် KA၊ KNDF ပူးပေါင်းအဖွဲ့က ပွိုင့်ဖွိုင့်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် ထိမှန်ကာ KNU တပ်မဟာ ၂ နယ်မြေအတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ပုံစာ-ဖမ်းဆီးရမိသည့် လေယာဉ်မောင်းဗိုလ်မှူးခိုင်သန့်မိုး နှင့် ပျက်ကျခဲ့သည့် K-8 အမျိုးအစားဂျက်တိုက်လေယာဉ်
#စစ်ကောင်စီတိုက်လေယာဉ် #လေယာဉ်မောင်းဗိုလ်မှူးခိုင်သန့်မိုး #ဖမ်းဆီးရမိ #တောင်ငူလေတပ် #Ayeyarwaddy_Times