ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

မြန်မာစစ်တပ်ဟာ အောက်တိုဘာလနှောင်းပိုင်းကတည်းက တိုင်းပြည်တစ်ဝှမ်း ဒေသအများအပြားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်မှုတွေကို ခုခံနေရပါတယ်။

“မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်” လို့ ကမ္ဘာ့ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာတဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခစောင့် ကြည့်ရေးအဖွဲ့ (ICG) မှ မြန်မာ့အရေး ကျွမ်းကျင်သူ သောမတ်ကိန်းက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ အတွေ့အကြုံရှိပြီး လက် နက်ကောင်းစွာတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့နယ်မြေတွေကို တစ်ပြိုင် နက်တည်း တိုက်ခိုက်ခဲ့ပြီး မြို့တွေ၊ ရွာတွေ၊ စစ်စခန်းတွေနဲ့ တရုတ်ကိုသွားတဲ့ အရေးပါသော ကုန်သွယ်ရေးလမ်း ကြောင်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဟာ နှစ်ပေါင်းများစွာအတွင်း စစ်မြေပြင်မှာ စစ်ကောင်စီ အ ကြီးမားဆုံး ထိုးနှက်ခံရမှု ဖြစ်စေခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မေလကတည်းက နယ်စပ်ရှိ ပြည်သူ့စစ်အဖွဲ့တွေကို ထိန်းချုပ်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ကြောင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီရဲ့ အရေးမယူမှုကြောင့် ရာဇဝတ်မှုတွေကို ဖြိုခွင်းယောင်ဆောင်ကာ တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အခွင့်ကောင်းယူခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေက တစ်ဖြည်းဖြည်း ပျံ့နှံလာပြီး စစ်ကောင်စီဟာ စစ်မျက်နှာအနှံ့ ရင်ဆိုင်နေရကာ ရှုံးနိမ့်မှု တွေ ကြုံတွေ့နေရတယ်လို့ လန်ဒန်မြို့တော်အခြေစိုက် Burma Human Rights Network မှ ညွှန်ကြားရေးမှူး ဉီး ကျော်ဝင်းက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆင်ရေးက အဖြေမထွက်သေးပေမယ့် စစ်ကောင်စီ အကြီးအ ကဲ မင်းအောင်လှိုင်က တန်ပြန်တိုက်ခိုက်မယ်လို့ နိုဝင်ဘာလ ၂ ရက်မှ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ်ဟာ မျက်နှာစာပေါင်းစုံမှာ စစ်ပွဲကို ရင်ဆိုင်နေရတာကြောင့် သူ့ရဲ့စစ်ရေးအင် အားထက် အားနည်းချက်တွေကို ထုတ်ဖော်ပြသပုံပေါ်နေပါတယ်။

မြန်မာစစ်တပ်မှာ တိုက်ခိုက်ရေးစစ်သည် ၇၀၀၀၀ အပါအဝင် တပ်ဖွဲ့ဝင် ၁၅၀၀၀၀ ဝန်းကျင်သာရှိပြီး တပ်ဖွဲ့ဝင် ၂၁၀၀၀ က သုတ်သင်ခံ သို့မဟုတ် ဘက်ပြောင်းသွားခဲ့တယ်လို့ မေလအတွင်း ထုတ်ဝေခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်မှာ ကိုရဲမျိုးဟိန်းက ရေးသားခဲ့ပါတယ်။

“လက်ရှိအခြေအနေက မြန်မာစစ်တပ်အပေါ် ဖိအားပေးမှုက အရင်ကထက် ပိုများနေပါတယ်။ မြန်မာစစ် တပ်ဟာ တပ်သားသစ်နဲ့ အရင်းအမြစ်တွေ မရှိပါဘူး။ မြန်မာစစ်တပ်ဟာ တိုင်းပြည်တစ်ဝှမ်း မြေပြင်မှာ ရှုံးနိမ့်နေ ပြီး ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေမှာ တစ်ဖြည်းဖြည်း ကန့်သတ်ခံထားရပါတယ်” လို့ သူက ဆိုပါတယ်။

“မကြာသေးမီက ဖြစ်စဉ်တွေအရ မြန်မာစစ်တပ်ဟာ အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီဆိုတာ ပြသ နေပါတယ်။ မြန်မာစစ်တပ်ဟာ အခုချိန်ထိ နယ်မြေအများအပြား သို့မဟုတ် မြို့တွေကို မဆုံးရှုံးဖူးသေးပါဘူး။ မေး စရာရှိတာက မြန်မာစစ်တပ်ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း ရှိ မရှိ ဖြစ်ပါတယ်” လို့ သောမတ်ကိန်းက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေကို ပြန်ရဖို့ နှစ်ဆကြိုးပမ်းလာဖွယ်ရှိတာကြောင့် အကြမ်းဖက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလာနိုင်ကြောင်း၊ မြန်မာနိုင်ငံဟာ အရပ်သားတွေ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေ အနေကို ရောက်ရှိနိုင်တဲ့အန္တရာယ်ရှိကြောင်း သူက ဆိုပါတယ်။

ကိုးကား – AFP
Ref; ‘A real blow for the junta’: Myanmar’s ethnic groups launch unprecedented armed resistance

#Ayeyarwaddy_Times