
ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာ ၁၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ သုံး ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကနင်ကမော့ရွာသို့ စစ်ကြောင်း ထိုးလာရာ တော်လှန် ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင်လည်း အောင်သာယာရွာနှင့် လိမ္မော်ခြံရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲများတွင် တပ်ကြပ်ကြီးအပါအဝင် တပ်သား နှစ် ဦးသေဆုံး ခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့(စစ်ကော်မရှင်)ဘက်က စစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်။ လက်ရှိ မှာတော့ စစ်ကော်မရှင်စစ်ကြောင်းက အထိနာပြီး ပြန်ဆုတ်သွားတဲ့ အနေအထားမှာတော့ ရှိနေပေမဲ့ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ်” ဟု Mon State Revolutionary Army ပြန်ကြားရေးတာဝန်ရှိသူ မိတလဉာဏ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့နောက် အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးသီး နှစ် လုံးကြဲချ တိုက်ခိုက်ခဲ့သည့်အပြင် ၄၀-မမ များဖြင့်ပါ ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တစ် ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အောက်တိုဘာ ၁၂ ရက်နေ့တွင်လည်း ဘေလမိုင်းရွာ မှ အေးကမ္ဘာရွာသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကြောင်းနှင့် မိနစ် ၃၀ ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ဗိုလ်ကြီး တစ် ဦး အပါအဝင်တပ်သား ရှစ် ဦးသေဆုံးခဲ့ပြီး ငါး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) တို့နှင့် အတူရာမည မွန်တပ်တော်(RMA)၊ KNLA တပ်ရင်း-၂၇ တပ်ခွဲ-၁၊ ဗျူဟာ(၃၃) ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီး တပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – MSRF(ပုံဟောင်း)