ဧရာဝတီတိုင်းမ်
(မလေးရှား)အောက်တိုဘာ ၁၅ ရက်

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်ရှိ ကင်မရွန်ဟိုက်လန်း (Cameron Highlands)ရှိ စိုက်ပျိုးရေးခြံတွင် ချင်းတိုင်းရင်းသား အချင်းချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ချင်းတိုင်းရင်းသားများအသင်း (မလေးရှား)ထံမှ သိရသည်။

ကင်မရွန်ဟိုက်လန်းရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် အတူနေထိုင် အလုပ်လုပ်ကိုင်ကြသည့် ချင်းအမျိုးသား သုံးဦးတို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် စကားများရာမှ အ ချေအတင်ဖြစ်ပွားပြီး ချင်းအမျိုးသား နှစ်ဦးက ကျန်တစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့သုံးယောက်စလုံးက စိုက်ပျိုးရေးမှာ အလုပ်လုပ်ကြပြီး အတူနေတဲ့သူတွေပါ။ စကားများတာကလည်း’ဟိုလိုမနေနဲ့’ ဒီလိုနေပါ ပြောရာကနေဖြစ်တာပါ။ ည ၁၁ နာရီ ၅၀ မိနစ်လောက် ဖုန်းကြည့်နေတဲ့အချိန်မှာ ဓားနဲ့ထိုးသွားတာပါ”ဟု ချိုး(ချင်း)တိုင်းရင်းသား (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓားဖြင့်အထိုးခံရသူသည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် မလိုင်ကျေးရွာမှ အသက် (၅၀) နှစ်အရွယ်ရှိ အမျိုး သားဖြစ်ပြီး ကျူးလွန်သူနှစ်ဦးသည် မကွေးတိုင်းမှ ချင်းလူငယ်နှစ်ဦးတို့ဖြစ်ကြောင်း ချင်းတိုင်းရင်းသားများအသင်း (မလေးရှား) ထံမှ သိရသည်။

သေဆုံးသူကို တာနာရာတာရှိ စူလ်တန်နာ ဟာဂျာ ကလ်ဆုမ် ဆေးရုံတွင် သေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက် ရုပ်အလောင်းကို ကွာတန်ရှိ တန်ကူ အမ်ပူအန် အာဖဇန် ဆေးရုံတွင် ခွဲစိတ်စစ်ဆေးခဲ့သည်။ ခွဲစိတ်စစ်ဆေးမှုအရ လည်ပင်းရှိ သွေးလွှတ်ကြောမကြီး ပြတ်တောက်မှု ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သံသယရှိသူနှစ်ဦးကို အောက်တိုဘာလ ၁၈ ရက်အထိ ချုပ်နှောင်ထားမည် ဖြစ်ကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ-ဓားဖြင့်အထိုးခံရသည့် ချင်းအမျိုးသား။