ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

တော်လှန်ရေးအင်အားစုများနှင့် ဖြစ်ပွါးသည့် တိုက်ပွဲများတွင်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများကို ဆေးကုသမှုပြီးနောက် ချောင်းသာကမ်းခြေသို့ အပန်းဖြေ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

“တစ်ချို့က ရှေ့တန်းပြန်ရမှာကြောက်နေပြီ စစ်တပ်မှာလူကလဲ မရှိတော့ ချော့ပြီး အပန်းဖြေ ခရီးဆိုပြီး ခေါ်လာတာထင်တယ်။ ပြီးရင် ခြေတို့လက်တို့ပြတ်တဲ့လူက နောက်တန်းမှာထားမယ် တော်ရုံ ဒဏ်ရာသမားကရှေ့တန်းပြန်ပို့မှာ”ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးကဧရာ၀တီတိုင်မ်းကို ပြောသည်။

ပုသိမ်မြို့တွင် မနက်ပိုင်းအချိန်က ရွှေမုဌောဘုရားနှင့် ပုသိမ်ထီးလုပ်ငန်းများကို လည်ပတ်ခိုင်းခဲ့ပြီး ညနေပိုင်းအချိန်စစ်ကားအကြီး၁၀စီးခန့်နှင့်ချောင်းသာကမ်းခြေသို့ ပို့ဆောင်ကာ အုန်းတောရွာရှိ စစ်တပ်တွင် နတခတိုင်းမှူးကိုယ်တိုင် နေရာချပြီး အပန်းဖြေခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အင်အား၂၀၀လောက်ရှိတယ် ခြေတုတပ်တဲ့လူတွေလက်ပြတ်တဲ့လူတောင်ပါတယ်။ မျက်နှာငယ်လေးတွေနဲ့ ရှေ့တန်းမှာ ဘယ်လောက်ရှုံးနေပြီလဲဆိုတာ ပြည်သူတွေက မြင်နေရတယ်။ ဒါမျိုးရာက်လာတာ လေးကြိမ်ရှိနေပြီ”ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိ လာရောက်သောစစ်ကောင်စီတပ်သားအများစုမှာ တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာနှင့် ခြေ၊လက်များဆုံးရှုံးခဲ့ပြီး နူတ်ထွက်ခွင့်တောင်းခံသူတစ်ချို့ရှိသော်လည်း ထွက်ခွင့်မပေးပဲ ယခုကဲ့သို့ အပန်းဖြေ ခရီးကို ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှသိရသည်။

#စစ်ကောင်စီတပ်သား #ဒဏ်ရာရ #ချောင်းသာ #ကမ်းခြေ #Ayeyarwaddy_Times