
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
မြောက်ကိုရီးယားနိုင်ငံက တစ်ပတ်အတွင်း စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်ဖွယ်ရှိတယ်လို့ တောင်ကို ရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယနေ့ ပြော ကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက နိုဝင်ဘာလ ၃၀ ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘဂ့် အာကာသ တပ်ဖွဲ့ အခြေစိုက်စခန်းမှ ပထမဆုံးသော ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တု Falcon 9 မလွှတ်တင်မီ မြောက်ကိုရီး ယားက စစ်ဘက်သူလျှိုဂြိုဟ်တုကို ပစ်လွှတ်နိုင်တယ်လို့ သူက ပြောပါတယ်။
“တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်။ မြောက်ကိုရီးယားဟာ တစ်ပတ်အတွင်း စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” လို့ သူက KBS ရုပ်သံဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားရဲ့အကူအညီနဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းခဲ့ပြီးပြီလို့ ရှင်ဝန်ဆစ်ခ်က ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ မေလနဲ့ဩဂုတ်လအတွင်း ကမ္ဘာပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ နှစ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်မှုကို ဒုံးပျံနည်းပညာမှာ တိုးတက်လာတဲ့ အောင် မြင်မှုတစ်ခုအဖြစ် မဟာမိတ်နိုင်ငံတွေက အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်တွေအရ ပဲ့ထိန်းဒုံးကျည်နည်းပညာ အ သုံးမပြုရအောင် မြောက်ကိုရီးယားနိုင်ငံကို ပိတ်ပင်ထားပါတယ်။
“သူလျှိုဂြိုဟ်တုတွေက မြောက်ကိုရီးယားနိုင်ငံရဲ့ ထောက်လှမ်းရေးစွမ်းရည်တွေကို တိုးတက်စေနိုင်တဲ့ အလားအလာရှိတာကြောင့် အမေရိကန်နိုင်ငံကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။
ကိုးကား – Yonhap
Ref; N. Korea may launch spy satellite ‘within a week or so’: defense minister