
ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ နိုဝင်ဘာလ ၁၉ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တပ်ဖျောက်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းကစတင်ခဲ့သည့် နှစ်ရက်တာ တိုက်ပွဲအတွင်း ခလရ ၈၄ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် နိုဝင်ဘာလ ၁၇ ရက်နေ့တစ်ရက်လုံး ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ရက်တာ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများ၊ အလောင်းများကို သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ဆိပ်သို့ သုံးခေါက်သယ်ထုတ်ခဲ့ရပြီး စစ်တောင်းမြစ်ကိုဖြတ်ကူးရာတွင်လည်း လှေဖြင့်ကိုး ခေါက်တိတိ သယ်ထုတ်ခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“တပ်ဖျောက်နေတဲ့ ရန်သူ့စစ်ကြောင်းကို ဝိုင်းပိတ်ကြတာပါ။ ရန်သူ(စစ်ကောင်စီ)ဘက်က မသယ်မဖြစ်သယ်ရတဲ့ ဗိုလ်မှူးအပါအဝင် ၃၀ ကျော်ကို အလောင်း ပြန်သယ်သွားပြီး ကျန်တဲ့ပျူအလောင်း တွေကိုတော့ မြေမြှုပ်ခဲ့တယ်လို့သိရတယ်။ လက်ရှိကတော့ စစ်တပ်ဘက်ကတော့ သူ့နေရာသူပြန်ရှိနေပြီး အင်အားတွေ ထပ်ဖြည့်ထားတယ်လို့သိရတယ်။ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကိုလည်း တစ်နေ့လုံးနီးပါးအသုံးပြုခဲ့တယ် ” ဟု ပဲခူးတိုင်း မြေပြင်တော်လှန်ရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်ပါသည့် ခလရ ၈၄ တပ်ရင်းနှင့် ခလရ ၁၉ တပ်ရင်း ပူးပေါင်းစစ်ကြောင်းမှာ ရေတာရှည်လေးကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာဝန်းကျင်တွင် တပ်ဖျောက် နေသည်မှာ လေးရက်ခန့်ကြာပြီဖြစ်ကာ အဆိုပါစစ်ကြောင်းကို ပိတ်ဆို့ကာ သွားရောက် တိုက်ခိုက်ရာမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် သုံး ဦးကျဆုံးခဲ့ရပြီး ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီ ခမရ ၁၉ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့ပြီး Mi-35 ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အနီးဝန်းကျင်မှ ဒေသခံ ၅၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ်ကြောင်း၊ PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၃၊ တပ်ခွဲ ၄ နှင့် သံတောင်မြောက်ပိုင်းအထူးဒေသစစ်ကြောင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ရေတာရှည် #တိုက်ပွဲ #စစ်ကောင်စီ #ဗိုလ်မှူးသေဆုံး #Ayeyarwaddy_Times