
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ကချင့်လွတ်မြောက်ရေးတပ်မတော် – KIA ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ရှိ PDF တပ်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းသိမ်းပိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အတွင်းသို့ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက စစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် NUG အစိုးရ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
မြိုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များက ကောလင်းမြို့အား နိုဝင်ဘာလ ၈ ရက်နေ့၌ပင် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ အဖွဲ့မှ ပြည်သူများ မြို့တွင်း၌ပြန်လည်အခြေချ နေထိုင်နိုင်ရန် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ခဲ့သောမြို့ခံ ပြည်သူများအနေဖြင့် ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သည် မြန်မာ့နွေဦးတော်လှန်ရေးကာလတလျှောက် NUG အစိုးရ ပထမဆုံး ထိမ်းချုပ်ခဲ့သည့်မြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကလည်း အဆိုပါမြို့အား ပြန်လည် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည်။
ကောလင်းမြို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာ့ စီးပွားရေးဘဏ်မှ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထုအပ်နှံငွေ သန်းပေါင်း ၉၅၂ သန်းကို သိမ်းဆည်းရမိပြီး အဆိုပါငွေများအား NUG အစိုးရ၊ ကြားကာလဗဟိုဘဏ်က သိမ်းဆည်းထားကာ ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်စနစ်တကျ ဆောင်ရွက်နေကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုထားသည်။
#ကောလင်း #PDF #NUG #Ayeyarwaddy_Times