
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၃ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၏ ဒကစမှူး ဗိုလ်မှူးချုပ်မိုးဇော်ကို အသေသော်လည်းကောင်း၊ အရှင်သော်လည်းကောင်း ဖမ်းဆီးပေးနိုင်သည့် မည်သူကိုမဆို ဆုငွေ သိန်း ၃၀၀ ကျော် ပေးမည်ဟု ကြေညာပြီးနော်က် ဒကစ(လွိုင်ကော်)သို့ သွားရာလမ်းများတွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရသည်။
ယခုအခါတွင် လွိုင်ကော်မြို့အတွင်း၌ မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေပြီး မြေပြင် စစ်ဆင်ရေးများတွင် ဒေသစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး (ဒကစမှူး)မှာ အဓိက ကျသူ တစ်ဦး ဖြစ်သည့်အတွက် ကရင်နီပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် CDM ဆရာဝန် ဒေါက်တာထူးအောင်လင်းနှင့် ဒေါက်တာရဲဇော်တို့ နှစ်ဦးက ဖမ်းဆီးနိုင်ရန် ဆုကြေးငွေထုတ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က အဖွဲ့အစည်းကိုယ်စားပြုမဟုတ်ဘဲနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ပဲ ပူးပေါင်း ပြီးသီးသန့် ဆုကြေးပေးတာပါ။ အဓိကကတော့ စစ်ကောင်စီဘက်ကအမိန့်ပေးစနစ်က တိုင်းမှူး စတဲ့ကအဆင့်ဆင့်က သွားတာဟုတ်ပေမဲ့ မြေပြင်စစ်ဆင်ရေးအတွက်က ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ်ကိုယ်တိုင်က ပါဝင်အမိန့်ပေးရတဲ့ အတွက် မြေပြင်စစ်ဆင်ရေးတွေက တာဝန်အရှိဆုံးက ဒကစမှူးဖြစ်တဲ့အတွက် ကျွန်တော်တို့က ရည်ရွယ်ပြီးလုပ်တာပါ” ဟု စီဒီအမ်ဆရာဝန် ဒေါက်တာထူးအောင်လင်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒကစမှူး ဗိုလ်မှူးချုပ်မိုးဇော်ကို ဆုကြေးငွေထုတ်ပြီးနောက် စစ်ကောင်စီက ဒကစ(လွိုင်ကော်)သို့ ဝင်ရောက်နိုင်မည့် လမ်းမများတွင် ပုလင်းကွဲများချထားခြင်း၊ ခံစစ်ပြင်ထားခြင်းများပြုလုပ်ကာ ဒကစ(လွိုင်ကော်)ရုံး ရှေ့မှဖြတ်သန်းသွားလာ သူများကို သေနတ်ဖြင့် ပစ်ရန် ပစ်မိန့်ပေးထားကြောင်းလည်း သိရသည်။
“ကျွန်တော်တို့က စစ်ကောင်စီရဲ့အောက်ခြေတပ်သားတွေကိုလည်း သတင်းစကားပါး ချင်တယ်။ သူတို့မိသားစုဘဝတွေ၊ သူတို့အသက်တွေရင်းထားရတာ တန်လားပေါ့၊ သူတို့ကို အမိန့်ပေးနေတဲ့ တာဝန်အရှိဆုံးသူကို သူတို့ကိုယ်တိုင် ဖမ်းခေါ်လာပြီး ဘဝ အာမခံချက်တွေရော၊ ဆုကြေးရော ပြည်သူ့ဘက်တော်သားအနေနဲ့ ဂုဏ်ယူရမဲ့ အခွင့် အရေးကို ကမ်းလှမ်းချင်တာပါ။ ကျွန်ဝောာ်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကိစ္စကို လုပ်နိုင်ရင်လဲ ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်တာပါ” ဟု ဒေါက်တာ ထူးအောင်လင်း ဆက်လက်ပြောကြားသည်။
အဆိုပါ ဒကစမှူးကို တော်လှန်ရေးတပ်ဖွဲ့များကဖြစ်စေ၊ စစ်ကောင်စီ တပ်သားများ ကဖြစ်စေ ဖမ်းဆီးလာနိုင်သည့် မည်သူမဆို ဖမ်းဆီးခဲ့ကြောင်းကို သက်သေနှင့်တကွ တင်ပြပြီးနောက် စစ်ဆေးပြီးပါက ဆုကြေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်း ဆုကြေးငွေပေးမည့် CDM ဆရာဝန် ဒေါက်တာထူးအောင်လင်းနှင့် ဒေါက်တာရဲဇော်တို့ နှစ်ဦးထံက သိရသည်။
#လွိုင်ကော် #ဒကစမှူး #ဆုကြေးငွေထုတ် #ဖမ်းဆီး #CDMဆရာဝန်၂ဦး #Ayeyarwaddy_Times