ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးအဆင်ပြေစေရန်အတွက် ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးကိုတိုက်ရိုက် ငွေပေးချေနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Dr. Md. Monwar Hossain ကိုယ်စားလှယ်အဖွဲ့ နှင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ စီး/ကူးဝန်ကြီး ဦးထွန်းအုံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံ အမတ်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှဆန်တင်ပို့ခြင်းကိစ္စရပ်ပါအဝင် နယ်စပ်ဂိတ်များမှ တစ်ဆင့် ကုန်သွယ်မှုများ အဆင်ပြေ‌စေရန်နှင့် လယ်ယာထွက်ကုန်များသာမက အခြားထုတ် ကုန်များ တိုးမြှင့် တင်ပို့နိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုန်သွယ်မှုတွင် ဘင်္ဂလားဒေ့ရှ် တာကာနှင့် မြန်မာကျပ်‌ငွေတို့ကို တိုက်ရိုက် ငွေပေးချေရေးဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံဘဏ်များကြား လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအကြောင်းဆွေးနွေးခဲ့ကြောင်း ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တော ကုန်သွယ်ရေးစခန်းတို့မှ လယ်ယာထွက်ကုန်နှင့် ရေလုပ်ငန်း ထွက်ကုန်များကို တင်ပို့ လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘဏ်က မြန်မာနိုင်ငံဘဏ်နှစ်ခုဖြစ်သည့် MFTB နှင့် MICB အပ်ငွေများကို ထုတ်ယူခွင့်ပိတ်ပင်လိုက်ပြီးနောက် စစ်ကောင်စီက တုံ့ပြန်သည့်အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီနှင့် ရေချိုငါးမျိူးစုံကို နယ်စပ်ဂိတ် မောင်တောကုန်သွယ်ရေးစခန်းမှ တင်ပို့ခွင့်ပိတ်ပင်ခဲ့ပြီး အဆိုပါကန့်သတ် ကုန်စည် များကိုတင်ပို့လိုပါက စစ်တွေမြို့ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ တင်ပို့ရမည်ဟု ထုတ်ပြန်ထားသည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့် နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၅၈ သန်းနှင့် သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းကုန်သွယ်မှုရှိပြီး ငွေလဲနှုန်းမှာဘင်္ဂလားဒေ့ရှ့် ၁ တာကာလျှင် ကျပ် ၂၆ ဒသမ ၆၀ ကျပ်ဖြစ်ကြောင်း စစ်ကောင်စီ၏ အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – MOC
#မြန်မာဘင်္ဂလားဒေရှ့် #နယ်စပ်ကုန်သွယ်ရေး #နှစ်နိုင်ငံငွေကြေးသုံးစွဲရေး #Ayeyarwaddy_Times