
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၂ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံရှိ စစ်ကောင်စီစခန်းကုန်းသိမ်းတိုက်ပွဲတွင် ဓနု PDF မှ ရဲဘော်နှစ် ဦး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
၁၀၀၃ တပ်ရင်း / ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ ဓနု PDF တပ်ရင်းများသည် အလယ်ပိုင်းတိုင်း တွင်ဖြစ်ပေါ်နေသည့် စစ်ရေးလှုပ် ရှားမှုများတွင် ပါ၀င်လှုပ်ရှားနေပြီး ယခုညီနောင်မဟာ မိတ်အဖွဲ့ စစ်ဆင်ရေးများတွင် ကိုးကန့်တပ်မတော် (MNDAA) နှင့်အတူ မြေပြင်တွင် ထိုးစစ်ဆင်ပါ၀င်တိုက်ခိုက် နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် နို၀င်ဘာ ၁၀ ရက်နေ့က ကွမ်းလုံစခန်းသိမ်းတိုက်ပွဲ၌ ဓနုတပ်ရင်းမှ ရဲဘော်နှစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များကို ဆေးကုသမှုပြုလုပ်နေကြောင်း ဓနုအခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်မတော် တာ၀န်ရှိသူတစ်ဦး ထံက သိရသည်။
“ရဲဘော်နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တော့ ပြန်တွေးလိုက်တိုင်း တော်လှန်ရေးဟာ အရင်းအနှီးကြီး တယ်ဆိုတာ မမေ့ကြဖို့ ပြည်သူတွေကို မှာချင်ပါတယ်”ဟု ဓနု PDF တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသရှိ လူငယ်များသည် စစ်အာဏာရှင်ကို တွန်းလှန်ရန်အတွက် လွတ်မြောက်နယ်မြေအသီးသီးကို ရောက်ရှိကာ တိုက်ပွဲများတွင် ပါ၀င်နေကြပြီဖြစ်ကြောင်း သိရသည်။
“ရဲဘော် မုန်တိုင်း(ခ) စိုးမိုးထွန်း နှင့် ရဲဘော် အောင်ပြူး(ခ)သိန်းထိုက်စိုး တို့ ရဲဘော် နှစ် ဦးသည် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ရဲဘော်သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ကျဆုံးသွားသော ရဲဘော်များအား အလေးနီပြုဦးညွှတ်၍ အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြုပါသည်” ဟု (၁၀၀၃)တပ်ရင်း၊ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၁၀၀၃ တပ်ရင်းသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ရွာငံမြို့နယ် မအူပင်သစ်တောစခန်းနှင့် ဂဇက်ကြီးသစ် တောစခန်းတွေကို တပြိုင်နက်၀င်ရောက် စီးနင်းခဲ့သည်။
ထိုသို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မတရားသိမ်းဆည်းခံထားရသည့် လှေများကို ပြန်လည် ယူဆောင်ခဲ့ပြီး ပိုင်ရှင်များထံအပ်နှံပေးခဲ့ကြောင်းနှင့် သိမ်းဆည်းရမိသည့် စခန်းများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ဓနုPDF
#မဟာမိတ်ညီနောင် #ကွမ်းလုံတိုက်ပွဲ #ဓနုPDFရဲဘော်၂ဦး #ကျဆုံး #Ayeyarwaddy_Times