ဧရာဝတီတိုင်းမ်
(ကနီ)၊ နိုဝင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်း တစ်နေရာတွင် သောင်တင်နေသည့် စစ်ကောင်စီသင်္ဘော ၇ စီးနှင့် သင်္ဘောပေါ်တင်ဆောင်လာသည့် ကားများကိုပါ ပြီးခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်‌နေ့ နံနက် ၈ နာရီ ဝန်းကျင်က KLG ၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ချင်းတွင်း မြစ်ကမ်းဘေးတစ်နေရာတွင် သောင်တင်နေသည့် စစ်ကောင်စီသင်္ဘော ငါး စီးနှင့် လာရောက်စစ်ကူလာသည့် တွဲသင်္ဘော နှစ် စီးကို နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် သင်္ဘောများကိုစွန့်ခွာကာ မုံရွာ(နမခ)သို့ ထွက်ပြေး သွားကြောင်း သိရသည်။

” ၆ ရက်နေ့နေ့လယ်မှာ မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ တွဲသင်္ဘောတွေနဲ့ သောင်တင် နေတဲ့သင်္ဘော ငါးစီးပေါ်က စစ်သားတွေကိုလာခေါ်တယ်။ သူတို့ကို(စစ်ကောင်စီ)တင်ပြီး သောင်တင်တဲ့ သင်္ဘောတွေနားကခွာသွားတယ်။ လာခေါ်တဲ့ သင်္ဘောနှစ်စီးပါ သောင်တင် နေလို့ ကျွန်တော်တို့အဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ဝိုင်းဝန်းပစ်ခတ်ကြတယ်။ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အသေများတယ်ဗျ” ဟု ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီထောက်ပို့ သင်္ဘော ခုနစ် စီးကိုသိမ်းနိုင်ခဲ့ပြီး‌နောက် အဆိုပါသင်္ဘောပေါ်မှ ဒီဇယ်ပေပါ ၁၀၀ ခန့်၊ သစ်လုံးရေ ၂၀၀ ခန့်၊ ကား သုံး စီး၊ ဆိုင်ကယ် ငါး စီး၊ စက်ဘီး တစ် စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီထောက်ပို့ သင်္ဘောများမှာ ဟုမ္မလင်းမြို့နယ်ဘက်မှ ထောက်ပို့ ပြန်လာသည့် သင်္ဘောများဖြစ်ပြီး လေးရက်တာကာလအတွင်း သင်္ဘော ကိုးစီး အထိသိမ်းနိုင်ခဲ့ပြီး တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်းလည်း KLG PDFထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF(ကျောက်လုံးကြီး)၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊KG အဖွဲ့၊ဘိုးတော်နီအဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – KLG PDF
#ကနီ #စစ်ကောင်စီထောက်ပို့သင်္ဘော၉စီး #သိမ်းဆည်းရမိ #စစ်ကောင်စီတပ်သား၃၀ဝန်းကျင်သေဆုံး #PDF #Ayeyarwaddy_Times