
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ နိုဝင်ဘာလ ၁၀ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ယာယီစခန်းချနေသည့် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ-၅ ၏စခန်းကို ပြီးခဲ့သည့်နိုဝင်ဘာလ ၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးရိုးမအတွင်းရှိ ရှားတောရဲကင်းစခန်းဟောင်း၌ ယာယီစခန်းချနေသည့် တော်လှန်ရေး တပ်ဖွဲ့များစခန်းကို တိုက်ခိုက်သိမ်းပိုက် ရန်ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် နှစ်နာရီကျော်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးကာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ)က ကျွန်တော်တို့ကိုအလစ်ငိုက်တိုက်ပြီး စခန်းသိမ်းမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကင်းထောက်က အစောကြီးထဲကသူတို့တက်လာတာမြင်တော့ ကြိုပြီး ပိတ်ပစ်တာ။ သူတို့ကကွင်းပြင်ကြီးကဖြစ်ပြီး ကျွန်တော်တို့ကအကာအကွယ်တွေရှိတော့ အထိနာသွားပြီး ဖရိုဖရဲဆုတ်သွားတယ်။ မျက်မြင်တွေ့ရသလောက် သုံးယောက် သေသွားတယ်။ အဲ့ဒီသုံးယောက်ကိုပါ ဆွဲပြီး ဆုတ်သွားကြတာ” ဟု PDF တပ်ရင်း ၃၈၀၂၊ တပ်ရင်း ၅ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့က မင်းလှမြို့နယ် ပင် ဟိုင်းယု လမ်းပေါက်တွင် နေထိုင်သည့် ကိုဇော်မျိုးဝင်း၊ ကိုဒယ်ကြီး နှင့် ဒေါ်ကြည်လေး ဆိုသူတို့ သုံးဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏နေအိမ်များကို ဖြိုချကာသစ်များနှင့် အခြားပစ္စည်းများကိုလည်း ပြန်လည်ရောင်းချရန် ယူဆောင်သွား ကြောင်းသိရသည်
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ပဲခူးရိုးမအတွင်းသို့ စစ်ကောင်စီ တပ်သားများကို ကားဖြင့် အကြိုအပို့လုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ စခန်းရှိရာ နေရာများကို လမ်းပြလုပ်နေသည့် ပျူစောထီးကိုစံညိုကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅
#မင်းလှ #ပဲခူးရိုးမ #ယာယီPDFစခန်း #လာရောက်တိုက်ခိုက် #စစ်ကောင်စီတပ်၃ဦးသေ #Ayeyarwaddy_Times