![](https://ayartimes.com/wp-content/uploads/2022/07/1-88.jpg)
ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၂၄ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ လင်မယား ၂ ဦးဟာ ၁ ပတ်ကြာတဲ့အထိ မိသားစုနဲ့အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။ ဖနိုင်ကျေးရွာမှာနေထိုင်တဲ့ ဦးတာလ်နော့နဲ့ သူမိန်းမကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ ညပိုင်း တိတ်တဆိတ် လာရောက်ဖမ်းဆီးသွားတာကြောင့် ဒေသခံတွေမသိလိုက်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
“ ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းက ရွာထဲဝင်ဖမ်းသွားတာ အကြောင်းမဲ့ဖမ်းသွားတာ ရွာခံတွေလည်းမသိလိုက် ဘူး စစ်တပ်အသိုင်းဝိုင်းကို မေးကြည့်တော့ တပ်ရင်း ၁၄၀ ထဲမှာ ဖမ်းထားတယ်တယ်ပြောတယ် ပြန်လည်း လွှတ်မပေးဘူး မိသားစုနဲ့ အဆက်သွယ်မရဘူး”လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ဦးတာလ်နော့နဲ့ သူရဲ့မိန်းမကို စစ်ကောင်စီတပ်သားတွေက ညပိုင်းရွာထဲဝင်ရောက်ဖမ်းဆီးသွားပြီး မတူပီမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း အမှတ် ၁၄၀ ထဲမှာ အကြောင်းမဲ့ချုပ်နှောင်ဖမ်းဆီးထားသလို ဖမ်းဆီးသွားပြီး ၁ ပတ်ပြည့်ချိန်ထိ ပြန်လွှတ်မပေးသလို မိသားစုနဲ့လည်း အဆက်သွယ်ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ အကြောင်းမဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဦးတာလ်နော့တို့လင်မယားမှာ သားသမီး ၃ ရှိတာကြောင့် မိသားစုဝင်တွေက စောင့်ရှောက်ပေးထားရတယ်လို့ သိရပါတယ်။ ခုလိုမျိုးဖမ်းဆီးတာဟာ ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်က ဗိုလ်မှူး သန်းနိုင်ဝင်းကို CDF-Matupi က ပစ်ခတ်ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးတာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်က ဗိုလ်မှူး သန်းနိုင်ဝင်း ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ပြည်သူ ၆ ဦးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ပြီး နောက်တစ်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။