
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၆ ရက်
အနုပညာရှင်များအနေဖြင့် ရှမ်းမြောက်ရှေ့တန်းသို့ သွားရောက်ဖျော်ဖြေရန် စစ်ကောင်စီ၏ ပြန်ကြားရေး ၀န်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အထိနာနေသည့် စစ်ကောင်စီက ရှေ့တန်း ရောက်စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစု၀င်များကို ဖျော်ဖြေရန် အနုပညာ ရှင်များ ရှေ့တန်းသို့ သွားရောက်ရမည်ဖြစ်ကြောင်း ယမန်နေ့ နို၀င်ဘာ ၅ ရက်နေ့က ပြုလုပ်သည့် မြန်မာရုပ်ရှင်ထူးချွန်ဆု ဆုချီးမြှင့်ပွဲအခမ်းအနားနှင့်ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဦးမောင်မောင်အုန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်းမြောက်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ကို ရုပ်ရှင်လောကသားများ အနေဖြင့် လက်မခံနိုင်ကြောင်း၊ ထို့ကြောင့် ရှေ့တန်းရောက်စစ်ကောင်စီတပ်သားများထံ စာရေးသား ပေးပို့ခြင်း၊ သ၀ဏ်လွှာပေးပို့ခြင်း၊ ကူညီထောက်ပံ့ခြင်းနှင့် အဆင်ပြေသည့် အချိန်တွင် သွားရောက်ဖျော်ဖြေရန် စစ်ကောင်စီ၀န်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်း ပြောဆိုခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ ရှေ့တန်းစစ်မျက်နှာများ၌ တပ်သားပြုန်းတီးကာ စစ်စခန်းများ လက်လွှတ်နေရပြီး အသက်ရှင်ကျန်ခဲ့သည့် စစ်ကောင်စီတပ်သားနှင့် ပြည်သူ့စစ်များက တိုင်းရင်းသားတပ်ဖွဲ့များနှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခြင်းများ ပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် ၎င်းတို့ကို စိတ်ဓာတ်မြှင့်တင်ပေးရန်အတွက် အနုပညာရှင်များက သွားရောက်ဖျော်ဖြေရန် ယခုလို တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီလူမှုကွန်ရက်
#စစ်ကောင်စီ #ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်း #အနုပညာရှင်များ #ရှေ့တန်းသွားရောက်ဖျော်ဖြေ #Ayeyarwaddy_Times