
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ စစ်သားအင်အားမလုံလောက်မှုနှင့် ထိခိုကျဆုံးမှုများပြားနေသည့် အတွက် ရှေ့တန်းသို့ အကြီးတန်း စစ်ဆေးဆရာဝန်များကိုပါ အထူးဆေးကုသရေးအဖွဲ့ဟု အမည်ပေးကာ စေလွှတ်နေကြောင်း စစ်ကောင်စီ၏ တပ်တွင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်ထံက သိရသည်။
ထိုသို့စေလွှတ်ခြင်းသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဆေးပညာ သင်ရမယ့်အချိန် မဟုတ်ဘူး စစ်တိုက်ဖို့ လူလိုတယ်” ဟုပြောဆိုကာ ၎င်း၏ ညွှန်ကြားချက်ဖြင့် စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် မဟာတန်းနှင့် PhD(ပါရဂူ) တက်ရောက်နေသည့် စစ်ဆေးဆရာဝန်များ အပါအဝင် စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကိုပါ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းမြောက်ဒေသရှိ နမ့်ခမ်းနှင့်လားရှိုးမြို့နယ်များသို့ “အထူးဆေးကုသရေးအဖွဲ့” ဟု အမည်တပ်ကာ နှစ်ဖွဲ့ခွဲ၍ စေလွှတ်ထားကြောင်း စစ်ကောင်စီ၏ တပ်တွင်း သတင်းရင်း မြစ်ထံက သိရသည်။
“ဘယ်ရာထူးတွေထိ ရှေ့တန်းကို စေလွှတ်နေလဲမသိရပေမဲ့ မဟာတန်းတို့၊ PhD တက်နေတဲ့သူတွေကိုပါလွှတ်နေတာဆိုတော့ ရာထူးကြီးတဲ့သူတွေကို စေလွှတ်နေ တယ်လို့ ယူဆရတယ်။ ‘ဆေးပညာ သင်ရမယ့်အချိန် မဟုတ်ဘူး စစ်တိုက်ဖို့ လူလိုတယ်’ လို့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က အဲ့ဒီလိုပြောပြီး အထူးဆေးကုသရေး အဖွဲ့ဖွဲ့ပြီး ရှေ့တန်းကို လွှတ်နေတာလို့ သိရတယ်” ဟု CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ဆေးတပ်မှ မဟာတန်းနှင့် PhD တက်နေသည့် စစ်ဆေးဆရာဝန်များကို တက်ရောက်သင်ကြားနေသည့် သင်တန်းများအားလုံးရပ်နား ကာ မိခင်တပ်ရင်းများကို ပြန်လည်စေလွှတ်နေပြီး အဆိုပါညွှန်ကြားချက်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းမြောက်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်စခန်းအများ အပြားသိမ်းပိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုများနေသည့်အတွက် ပညာသင်ကြားနေသည့် စစ်ဆေးဆရာ ဝန်များသာမက အခြေခံစစ်သင်တန်း မပြီးဆုံးသေးသည့် စစ်ကောင်စီတပ်သားများကိုပါ ရှမ်းမြောက်ဒေသရှိ ရှေ့တန်းသို့စေလွှတ်နေကြောင်း သိရပြီး ရှေ့တန်းသို့ စေလွှတ် ခံရသည့် အရာရှိ၊ တပ်သားအချို့မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် MNDAA ၊ TNLA ၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီး ရှမ်းမြောက်ဒေသရှိ မြို့လေးမြို့ကိုထိန်းချုပ်နိုင်ခဲ့ကာ စစ်ကောင်စီ စခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသရှိ စစ်ကောင်စီ၏ ခလရ-၁၄၃ တပ်ရင်းတစ်ခုလုံး ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချ၍ ပူးပေါင်းခဲ့ကြသည်။
ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)
#အရာရှိစစ်ဆရာဝန် #ရှမ်းမြောက်ဒေသ #ရှေ့တန်းပို့ဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #Ayeyarwaddy_Times