ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

ညီနောင်မဟာမိတ်အဖွဲ့စစ်ဆင်ရေး စတင်ရာ ချင်းရွှေဟော် နှင့် လောက်ကိုင်တွင် ပိတ်မိနေသူများ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှ တဆင့် လားရှိုးမြို့ကို ပြန်နိုင်ပြီး ခရီးစရိတ်တရုတ်ယွမ် ၃၅၀၀ ဝန်းကျင် ( ကျပ် ၁၅ သိန်း) ခန့်ကုန်ကျကြောင်း လောက်ကိုင်သို့ ရောက်ရှိနေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စစ်ပွဲများဖြစ်ပွား နေစဉ်တွင် ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲရှိ ပန်ဆန်း – တန့်ယန်း – နမ်ပေါင်- လားရှိုးလမ်းမကြီးအတိုင်း ပြန်ကြသူများရှိကြောင်း သိရသည်။

လောက်ကိုင်မှတဆင့် ချင်းရွှေဟော်မြို့သို့ သွားရမည်ဖြစ်ပြီး ထိုမှတဖန် ဝပြည်နယ် နမ့်တစ် – ပန်ဆန်းလမ်းမှနေ၍ လားရှိုးမြို့အထိဆင်းရခြင်းဖြစ်ကာ ကားနှစ်ဆင့်စီးရပြီး လမ်းခရီး နှစ်ရက်ခန့်ကြာမြင့်ကြောင်း လောက်ကိုင်မှ လားရှိုးသို့ ပြန်လာသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

“ မနေ့က လားရှိုးဆင်းဖို့ပြန်ကြတယ်။ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားသွားမရလို့ ပြန်လှည့်ပြန်လာရတာရှိတယ်” ဟု လောက်ကိုင် ရောက်နေသူတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ထို့ပြင်လုပ်ငန်းများအားလုံးရပ်ဆိုင်ထားသော လောက်ကိုင်တွင် ဈေးဆိုင်တချို့ပြန်လည် ဖွင့်လှစ်မှုများရှိကြောင်း ၎င်းက ဆိုသည်။

ရှမ်းမြောက်ရှိ စစ်ဖြစ်ပွားရာနေရာများမှ စွန့်စား၍ နေရပ်ပြန်နိုင်သူများရှိသလို ပြန်၍ မရသူအများစုက စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရကြောင်းသိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြန်မာ – တရုတ် နယ်စပ်မျဉ်း ၁၂၅ အနီးတွင် စစ်ဘေး ရှောင်စခန်းများထူထောင်ပြီး တရုတ်ကူညီထောက်ပံ့မှုဖြင့် စစ်ဘေးရှောင် လူဦးရေ တစ်သောင်း နှစ်ထောင်ကျော်အတွက် နေထိုင်နေရေးနှင့် စားဝတ်နေရေး ကူညီပေးနေကြောင်း ကိုးကန့်အုပ်ချုပ်ရေး အဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

စစ်ဘေးရှောင်များသည် မြေကွက်လပ်ပေါ်တွင် ရွက်ဖျင်တဲထိုးကာနေထိုင်ရခြင်းဖြစ်ပြီး ရေပြတ်လပ်မှု၊ အမိုးအကာလိုအပ်ချက်နှင့် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကြောင်း သိရသည်။

မြန်မာ – တရုတ်နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံက စစ်ခေါင်းဆောင်ကို ဖိအားပေးလျက်ရှိပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင်စတင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်ရှိ မြို့နယ် လေးမြို့နယ်ကိုသိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်နှင့်ရဲစခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#၁၀၂၇စစ်ဆင်ရေး #လောင်ကိုင်မြို့နယ် #ချင်းရွှေဟော် #ဝဒေသမှလားရှိုး #ခရီးစရိတ်၁၅သိန်း #စစ်ဘေးရှောင် #တရုတ်နယ်စပ် #Ayeyarwaddy_Times