ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်
ညီနောင်မဟာမိတ် (၃)ဖွဲ့ထံ စစ်ကောင်စီတပ်ရင်း ၁၄၃ တစ်ရင်းလုံး လက်နက်ချအလင်းဝင်ရောက်လာခဲ့ကြောင်း ကိုးကန့်အခြေစိုက် ကိုးကန့်သတင်းမီဒီယာမှ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ကွမ်းလုံမြို့နယ်ရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃) မှ လူဦးရေ (၄၁) ဦးသည် ညီနောင်မဟာမိတ် (၃)ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
“ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ အရင်က ဒီလိုမျိုး တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ပါဘူး၊ အခုလိုတပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်တာ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”ဟု MNDAA၏ ရှေ့တန်းအရာရှိတစ်ဦးက ကိုးကန့်သတင်းမီဒီယာသို့ ဖြေကြားထားသည်။
လက်နက်ချအလင်းဝင်လာသည့် ခလရ (၁၄၃) မှ လူဦးရေ (၄၁) ဦးတွင် ဒု-တပ်ရင်းမှူး (၁) ဦး နှင့် တပ်ခွဲမှူး (၂) ဦးပါဝင်သည်ဟု သိရှိရသည်။
အဆိုပါတပ်ရင်းသည် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ခလရ (၁၄၃) တပ်ဖွဲ့ဝင်များက လက်နက်ချပြီးအလင်းဝင်လာခဲ့သော်လည်း စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ကြောင်း သိရသည်။
MNDAA မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု သတင်းဖော်ပြထားသည်။
ဓာတ်ပုံ – ကိုးကန့်သတင်းမီဒီယာ
#စစ်ကောင်စီတပ် #ကိုးကန့်သတင်းမီဒီယာ #မြို့သိမ်း #ဓာတ်ပုံ #ထုတ်ပြန် #Ayeyarwaddy_Times