ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် အော်ပရေးရှင်း ၁၀၂၇ မစ်ရှင် တိုက်ပွဲများတွင် ၅ ရက်ကြာကာလအတွင်း မြို့ ၃ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် အပြင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့များက အော်ပရေးရှင်း ၁၀၂၇ စာမျက်နှာမှ အသိပေးထုတ်ပြန်ခဲ့သည်။

ဒါ့ပြင် အော်ပရေးရှင်း ၅ ရက်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ အလင်းဝင်ရောက်မှုတွေရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စစ်ကောင်စီတပ်သားနှင့် လက်အောက်ခံ ရဲ သေဆုံးမှုစာရင်းအား အတည်ကျဖော်ပြထားခြင်းမရှိပေ။

“ညီနောင်မဟာမိတ်သုံးဖွဲ့က စုစုပေါင်းစခန်း ၈၀ ကျော်လောက်သိမ်းပြီးဗျ၊ အဓိက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားတာက ချင်းရွှေဟော်ပါပဲ၊ သိန္နီကတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေဆဲပါ၊ မုန်းကိုး ဖောင်းဆိုင်ဘက်က စစ်ကောင်စီကိုတော့ အကုန်လုံး တိုက်ထုတ်လိုက်ပြီ၊ ဒီနေ့ နယ်မြေရှင်းရေးလုပ်နေတယ် မုန်းကိုး ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီကတော့ လုံးဝမရှိတော့ဘူး”ဟု ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း က RFA ကို ဖြေဆိုထားသည်ကို တွေ့ရသည်။

တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၅၀ ရှိသည့် တပ်စခန်းတစ်ခုကို ၂ နာရီအတွင်းသိမ်းပိုက်နိုင်ခဲ့သော်လည်း အချိန်မီအညံခံခဲ့သည့်အတွက် တစ်ယောက်မကျန်အသက်ချမ်းသာခွင့်ပေးခဲ့ပြီး ဘေးကင်း လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများအနေဖြင့် စစ်စခန်းများအားစွန့်ခွာပြီး လက်နက်အပ်ခြင်း အလင်းဝင်ခြင်းများပြုလုပ်ဖို့အတွက်လည်း ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းထားသည်။

အလင်းဝင်ရောက်လာသူများအားလုံးကိုလည်း ဖမ်းဆီးချုပ်နှောင်ခြင်းများပြုလုပ်မည်မဟုတ်သလို အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံချက်ပေးသွားမည်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သား ဂုဏ်သိက္ခာမထိခိုက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

#မဟာမိတ်သုံးဖွဲ့ #အော်ပရေးရှင် #၁၀၂၇ #စစ်ကောင်စီတပ် #လက်နက်ချ #အညံခံ #Ayeyarwaddy_Times