နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်း ဂန်ဒေါင်ယန်ကို ကချင်လွပ်လပ်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့် တပ်တော် (AA) PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ပိုင်းတွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
စစ်ကောင်စီတပ်အထိုင်ချထားသည့် ဂန်ဒေါင်ယန် စခန်းသည် တရုတ်နိုင်ငံသို့ အလွယ်တကူသွားလာနိုင်သည့် လမ်းပိုင်းဖြစ်ပြီး စစ်ကောင်စီက တပ်စခန်းချ၍ ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်ယူနေသည့် စခန်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ဒီနေ့ မနက် ၅ နာရီလောက်က စပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၉ နာရီလောက်မှာ ဂန်ဒေါင်ယန် စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ အခုတော့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်” ဟု မြေပြင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြစ်ကြီးနား-ဗန်မော် ကားလမ်းအနီးတွင် စစ်ကောင်စီတပ်စခန်းအများ အပြားရှိနေပြီး ခက်ခလမ်းယန် ၊ မလန်းယန်၊ ဒဘက်ယန် ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်က စခန်းအထိုင်များချထားပြီး KIA ၊ AA ၊ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင် စစ်ရေးလုပ်ဆောင်နိုင်ခြင်းမရှိ၍ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကို လုပ်ဆောင်နေ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ဂန်ဒေါင်ယန်စခန်းသိမ်းပိုက်ခံရပြီးနောက် လိုင်ဇာမြို့ အနီးဝန်းကျင်သို့ လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့ပြီး မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းအနီးတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများ ထပ်မံကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ဂန်ဒေါင်ယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသည် ဆယ်စုနှစ်ကျော် အခြေချ တပ်စွဲခဲ့သည့် စစ်ကောင်စီ၏ အရေးကြီးစခန်းတစ်ခုဖြစ်ကြောင်း ကချင်ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ -ပေးပို့
#မြစ်ကြီးနားဗန်းမော်လမ်း #စစ်ကောင်စီတပ် #အရေးကြီးစခန်းဂန်ဒေါင်ယန် #သိမ်းပိုက်ရရှိ #Ayeyarwaddy#Time