
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ရှမ်းပြည်နယ်အထူးဒေသ (၁) ကိုးကန့်တွင် မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှ ရေးပါတီ/ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) က စစ်အုပ်ချုပ်ရေး ကြေညာ၍ စစ်ရေးအုပ်ချုပ်မှု ကော်မတီကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ဖွဲ့စည်းကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ရုပ်သေးအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်သား နှင့် ရဲများသည် လက်နက်ချကာ MNTJP/MNDAA ရှိရာနေရာသို့ လာရောက်အလင်းဝင်ရမည်ဖြစ်ပြီး အလင်းဝင်လာသူများကို ကာကွယ်စောင့်ရှောက် ပေးမည်ဖြစ်ကာ ခေါင်းမာဆန့်ကျင်နေသူများကို ပြင်းထန်စွာအရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ရုံးနှင့် သက်ဆိုင် သည့်စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာ နှင့် ငွေကြေးများကို ကောင်းမွန်စွာ ထိန်းသိမ်းထားရမည်ဖြစ်ပြီး ပျက်စီးသွားပါကတာဝန်မကျေမှုဖြင့် အရေး ယူသွားမည် ဖြစ်ကြောင်းဆိုထားသည်။
ယင်းအပြင် ဝရမ်းထုတ်ထားသည့် ရာဇဝတ်မှုကျူးလွန်သူများကို အကာ အကွယ်ပေးခြင်း၊ ဝှက်ထားခြင်း နှင့် ထွက်ပြေးလွတ်မြောက်ရန်ကူညီခြင်းများကို ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
MNTJP/MNDAA အနေဖြင့် “စစ်သုံ့ပန်းအား ဂရုတစိုက်စောင့်ရှောက်ရေး” မူဝါဒကို လက်ကိုင်ထားပြီး လက်နက်ချ၍ အလင်းဝင်ရောက်လာပါက စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝခံစားရ မည်ဖြစ်ပြီး ဒဏ်ရာရသူများကိုလည်း ကောင်းမွန်စွာ ကုသပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကိုးကန့်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကိုးကန့်ရုပ်သေးအဖွဲ့များ၏ စစ်သား၊ ရဲ နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများသည် အပြစ်ဝန်ခံရန် လာရောက်ပါက လှိုက်လှဲစွာ ကြိုဆို၍ ပြစ်မှုများကို သဘောထားကြီးစွာဖြင့် စီရင်ဖြေရှင်းမည်ဖြစ်ပြီး ယခု ထုတ်ပြန် ချက်သည် စစ်ရေးအုပ်ချုပ်မှုကာလပြီးဆုံးသည်အထိ အာဏာတည် အကျုံးဝင်ကြောင်း ထုတ်ပြန် အသိပေးထားသည်။
ပုံစာ- MNDAA တပ်ဖွဲ့ဝင်များ
#ရှမ်းပြည်နယ်အထူးဒေသ၁ #ကိုးကန့် #MNTJP/MNDAA #စစ်အုပ်ချုပ်ရေးကြေညာ #စစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်း #Ayeyarwaddy_Times