နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ရှိ စစ်ကောင်စီ၏ ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့် (MNDAA) နှင့် မဟာမိတ်အဖွဲ့များက ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထို့အပြင် အထူးဒေသ(၁)အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရန်နှင့် လောက်ကိုင်မြို့နယ်ရှိ Online Game (ကျဖျင့်) ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရန်အတွက် ယနေ့ အောက်တိုဘာ ၂၇ ရက်မှ စတင်၍ လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ်ပိတ်ပင်လိုက်ကြောင်း MNDAA က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါလမ်းမကြီးများကို နံနက် ၆ နာရီမှ စတင်ပြီး အရေးပေါ် ပိတ်ပင်လိုက်သောကြောင့် ထိုအချိန်အတွင်း မည်သည့်ယဉ်တန်းကိုမှ မည်သည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်သလို လမ်းမကြီး ပြန်ဖွင့်မည့်ရက်အား ထပ်မံအကြောင်းကြားသွားမည်ဟု သိရသည်။

ယင်း ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ပင်ထားသော အချိန်ကာလအတွင်း၌ MNDAA က အသိပေးမှုကို မလေးစားမလိုက်နာဘဲ ဆက်လက်ဖြတ်သန်း သွားလာနေမည်ဆိုပါက ရန်သူ၏ သယ်ယူပို့ဆောင်ရေး ယဉ်တန်းအဖြစ် အမှတ်ယူပြီး ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးဘက်မှ ချင်းရွှေဟော်ဘက်သို့ စစ်ကောင်စီ၏ စစ်ကူများ တက်လာသလို ကုန်ကားများလည်း ပိတ်မိနေသဖြင့် လှည့်ပြန်ရန် ကြိုးစားနေရကြောင်း ဒေသခံများထံမှ သိရသည်။

MNTJP/MNDAA ၏ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ချိန်တွင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အချင်းချင်းအကြားတွင် သဘောထားကွဲလွဲမှုများကို ခေတ္တဘေးဖယ်ထားပြီး မိမိတို့ဒေသအတွင်း၌ Online Game (ကျဖျင်)ကုမ္ပဏီလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များ၊ ကုမ္ပဏီများကို ဟန်ချက်ညီညီဖြင့် အတူတကွပူးပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းသလို ပူးပေါင်းတိုက်ဖျက်ရန်ကိုလည်း မျှော်လင့်ကြောင်း MNDAA က ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအား ဆက်လက်ဒုက္ခပေးနေခြင်းမှ ချက်ချင်းရပ်တန့်ပြီး လက်နက်ချအလင်းဝင်ကြရန်၊ စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များအနေဖြင့်လည်း လက်နက်ချ၍ ပြည်သူလူထု၏ ရင်ခွင်ထဲသို့ ရောက်သည့်နေရာမှ အမြန်ဆုံးဝင်ရောက်၍ စစ်ကောင်စီအား အတူတကွ ပူးပေါင်းတိုက်ခိုက် ချေမှုန်းရန်ကိုလည်း တိုက်တွန်းထားသည်။

အလားတူ MNDAA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

#ချင်းရွှေဟော်ရှိ #စစ်ကောင်စီစခန်း #MNDAA #မဟာမိတ်အဖွဲ့ #သိမ်းပိုက် #ပြည်ထောင်စုလမ်းမကြီးများကို #အရေးပေါ်ပိတ်ထား
#Ayeyarwaddy_Times