
နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာစခန်းရှိ စစ်ကောင်စီတပ် သည် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ဆက်ကြေးကောက်ယူနေပြီး အဆိုပါ စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ပြီး ဘီအေ ၆၃ ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် တစ်ခုနှင့် ကျည်ဆံအချို့ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံကသိရ သည်။
“ဆက်ကြေးကောက်ခံနေတဲ့ စစ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်သား လေးရောက်ကတော့နေရာမှာပဲ သေဆုံးသွားတယ်။ ဘီအေ ၆၃ တစ်လက် ရခဲ့တယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈)တာဝန်ခံ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သား ငါး ဦးအနက် လေးဦးသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်စခန်းနဲ့အရမ်းနီးကပ်တာကြောင့် သေနတ် တစ်လက်ပဲ ကောက်ယူနိုင် တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်” ဟု ဗိုလ်စွမ်းသူမောင်က ဆိုသည်။
ထိုသို့ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ထန်းတောကြီးရွာရှိ နေအိမ်တစ်လုံးကိုမီးရှို့ ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့၍ ဒေသခံများမှ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်းကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ်မှသိမ်းစီးရမိသည့်သေနတ်များ
#ဆားလင်းကြီးမြို့နယ် #ညောင်ပင်ကြီးကျေးရွာစခန်း #စစ်ကောင်စီတပ် #ဆက်ကြေးကောက်ယူ #တော်လှန်ရေးတပ်ဖွဲ့များ #ကြားဖြတ်တိုက်ခိုက် #၄ဦးသေဆုံး #Ayeyarwaddy_Times