
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ၂၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် လျှပ်စစ်ဓါတ်အားသုံးစွဲသည့် နေအိမ်များကို စနစ်တကျမစစ်ဆေးပဲ လျှပ်စစ်မီးအသုံးပြုစရိတ်များကို ခန့်မှန်းဖြင့် ပိုမိုကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။
“ယူနစ်အလိုက် မီတာခ ဆောင်ရတာမဟုတ်ပဲ လာပေးတဲ့ ဖြတ်ပိုင်းအတိုင်းပေးနေရတယ်။ တစ်လထက်တစ်လ မီးတာခတွေက တိုးတိုးယူနေပြီး မီးမမှန်တာတောင် အရင်မီးအမြဲလာလို့ဆောင်ရတဲ့ မီတာခထက် ပိုပေးနေရတယ်။ မီတာကိုလည်း သေချာ လာဖတ်တာမဟုတ်ဘူး” ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ လျှပ်စစ်မီးအသုံးပြုခ ကောက်ခံခြင်းနှင့် ပတ်သက်ပြီး မအူပင်မြို့နယ်တွင် ပြည်သူအများစု ခံစားနေရပြီး မီတာခမပေးဆောင်ပါက မီတာပုံးများဖြုတ်သိမ်းသွားသည့်အပြင် နိုင်ငံရေးပုဒ်မများနှင့် အရေးယူမည်ဟု ခြိမ်းခြောက်မှုများလည်း ကြုံနေရကြောင်း သိရသည်။
“မီးမမှန်ပဲ မီတာခက လေးသောင်ကျလို့ သွားပြောတော့ ရုံးမှာထားတဲ့ အထိုင်စက်ကနေ ကွန်ပျူတာထဲရောက်သွားလို့ ဖြစ်တယ်လို့ပြောတယ်။ နောက်လတွေ အဲလိုမဖြစ်စေရဘူးဆိုပြီး နောက်လကြတော့လည်း အဲဒီအတိုင်းပဲ လေးသောင်းခွဲတောင် ဆောင်ခဲ့ရတယ် “ ဟု မအူပင်မြို့ခံ တစ်ဦးကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း မအူပင်မြို့နယ် ရေလဲကြီးကျေးရွာမှ မီတာစာရေးတာဝန်ခံသည် မီတာခများ ကောက်ခံပြီး ထွက်ပြေးသွားသည့်အတွက် အဆိုပါကျေးရွာမှ မီတာခ ပေးဆောင်ထားပြီးသူများက ထပ်မံပေးဆောင်ခဲ့ရကြောင်း ရေလဲကြီးကျေးရွာ ဒေသခံများထံက သိရသည်။
#မအူပင်မြို့ #မီတာခများ #စနစ်တကျစစ်ဆေးခြင်းမရှိပဲ #ပိုမိုကောက်ခံနေ #Ayeyarwaddy_Times