နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်
ထိုဖြစ်ရပ်များကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့၊ ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့-PDF များ၊ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့-LPDF များနှင့် အခြားအမည်မခံ လက်နက်ကိုင်အဖွဲ့အစည်းတို့က ပါဝင်ပတ်သက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပဉ္စမမဏ္ဍိုင်(PMCSG) ၏ ဒုတိယအကြိမ် သုတေသန စစ်တမ်း ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့ တစ်ဖက်တစ်လမ်းကနေ ပြီးတော့မှ သတင်းအမှောင်ချမှုတွေကို ကာဗာဖြစ်နိုင်အောင်ပါ။ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဘယ်လောက်ပဲ ဖြတ်တောက်ဖြတ်တောက် ရနိုင်တဲ့အရင်းအမြစ်တွေကနေ သတင်းတွေ စုဆောင်းပြီး တော့မှ နောင်တစ်ချိန် တရားမျှတမှုတွေ လုပ်ဆောင်တဲ့အခါမှာ ကျူးလွန်သူတွေသည် ဒီအတိုင်းပဲ နေထိုင်နေတာမျိုး မဖြစ်ရလေအောင် ရည်ရွယ်ပြီးတော့ စစ်တမ်း ကောက်ယူရခြင်း ဖြစ်ပါတယ်” ဟု PMCSG ၏ Founder ဖြစ်သူ ကိုယောလေးက ပြောသည်။
အဆိုပါ တိုင်းသုံးတိုင်းနှင့် ပြည်နယ်တစ်ခုတို့ရှိ ခရိုင် ၉ ခု၊ မြို့နယ်ပေါင်း ၄၉ မြို့နယ်တို့တွင် လေးလတာအတွင်း ဖြစ်စဉ်ပေါင်း ၅၂၀ ရှိခဲ့သည့်အနက် အရပ်သား ၄၇၃ ဦး သေဆုံး၍ ၃၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၁၃၁၄ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး သေဆုံး၊ ထိခိုက် ဒဏ်ရာရသူနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူအများစုသည် အမျိုးသားများဖြစ်ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
“စစ်တမ်းကောက်ယူရာမှာ ကျား/မ အသက်အပိုင်းအခြားထိ ကောက်ယူထား တဲ့အတွက် ပိုပြီးအားစိုက်ရပါတယ်။ ဒေသခံတွေကို တိုက်ရိုက် ဆက်သွယ် မေးမြန်းရာမှာ အတိအကျသိနိုင်တဲ့သူ တစ်ဦးဦးကို မရမချင်း ရှာဖွေဆက်သွယ်ရပါတယ်။ ကိုယ့်ဖုန်းနဲ့ပဲ ကိုယ်ဒေတာတွေ စာရင်းသွင်းတာ၊ ဆက်သွယ်တာတွေ ပြုလုပ်တာကြောင့် ဖုန်းကို ဘယ်နည်းနဲ့မှ ပြင်ပယူဆောင်လို့ မရပါဘူး။ ယူဆောင်ခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ဖမ်းဆီးခံရနိုင်ပါတယ်” ဟု PMCSG မှ ရန်ကုန်စစ်တမ်း ကောက်ယူသူက ပြောသည်။
စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များ ကျူးလွန်သည့် ဖြစ်စဉ်ပေါင်း ၄ဝ၅ ကြိမ်အထိရှိခဲ့ပြီး ယင်းတို့အနက် ၆၁ ကြိမ်သာလျှင် စစ်ရေးပစ်မှတ် အမျိုးအစား ဖြစ်ကာ ကျန် ၃၄၄ ကြိမ်မှာ အရပ်သားပစ်မှတ် အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။
အရပ်သားပစ်မှတ်အဖြစ် သတ်မှတ်ရမည့် စစ်ကောင်စီ ကျူးလွန်မှုများအနက် စစ်ရာဇဝတ်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ်မှာ ၂၀၅ ကြိမ်အထိ ပါဝင်သည်။ ယင်းဖြစ်စဉ်များအနက် လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၂ ကြိမ်၊ ရာဇဝတ်မှု ၂၇ ကြိမ်အထိ ပါဝင်ပြီး စစ်ရေးပစ်မှတ်၌မူ စစ်ရာဇတ်မှုအကြိမ် ၄၀၊ လူ့အခွင့်အရေးချိုးဖောက်မှု ၈ ကြိမ်နှင့် ရာဇဝတ်မှု ၁၃ ကြိမ်ဖြစ်ကြောင်း PMCSG ထံက သိရသည်။
“စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို စစ်တမ်း ကောက်ယူရာမှာ အင်တာနက် ရရှိမှုအခက်အခဲ၊ စစ်ကြောင်းတွေ မကြာခဏ ထိုးတာကြောင့် မြေပြင်ဆင်းဖို့ မလွယ်တဲ့ အခက်အခဲတွေ၊ စစ်ကြောင်းထိုးချိန် တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်တာတွေ ကြောင့် အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေကို ဆက်သွယ်မေးမြန်းစုံစမ်းဖို့ ခက်ခဲတဲ့အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်” ဟု PMCSG မှ စစ်ကိုင်းခရိုင် စစ်တမ်း ကောက်ယူသူက ပြောသည်။
အလားတူ စစ်ကောင်စီတပ်များသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား ပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ ပြုလုပ်သည့် တိုက်ခိုက်မှုများတွင် ဓာတု လက်နက်သုံး တိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်က စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သာစည်ရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ဒေသအခြေပြု ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်သည့် ဖြစ်စဉ် ပေါင်း ၇၉ ကြိမ်အထိရှိခဲ့ပြီး စစ်ရာဇဝတ်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ် ၃၆ ကြိမ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဆက်စပ်၍ လေး ကြိမ်၊ ရာဇဝတ်မှုနှင့် ပတ်သက်၍ ၃၉ ကြိမ်အထိရှိကာ အရပ်သားပစ်မှတ်အနေဖြင့် ၇ ကြိမ်သာရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် အခြားအမည်မသိ အဖွဲ့အစည်းများက ကျူးလွန်ခဲ့မှုသည် လေးလအတွင်း ဖြစ်စဉ်ပေါင်း ၄၄ ကြိမ်အထိရှိကာ စစ်ရာဇဝတ်မှု သုံးကြိမ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ငါး ကြိမ်နှင့် ရာဇဝတ်မှု ၃၆ ကြိမ်အထိရှိကြောင်း သိရသည်။
“အစိုးရယန္တရားဖြစ်တဲ့ လူအခွင့်အရေး ဝန်ကြီးဌာနတို့ အခြားသော ဝန်ကြီးဌာနကနေ ကောက်ယူတဲ့ အချက်အလက်တွေအပေါ်မှာရယ်၊ ပြီးတော့ အခုလို အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ စစ်တမ်းကောက်ယူမှုအပေါ်မှာရယ် ကျွန်တော်တို့ ရနိုင်သလောက် ဒေတာတွေကို စုဆောင်းပါတယ်။ နောင်အချိန်မှာ ပြန်လည်အရေးယူဖို့အတွက် အချက် အလက်တွေ စုဆောင်းနေတာလည်း ရှိပါတယ်” ဟု NUG တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ပြောသည်။
ပဉ္ဇမ မဏ္ဍိုင်- PMCSG ၏ ဒုတိယအကြိမ် သုတေသန စစ်တမ်းတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် သေဆုံးမှု၊ ထိခိုက်မှု၊ ဖမ်းဆီးခံရမှုများအပြင် ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အဆောက်အဦးနှင့် စစ်ရှောင်တဲတိုက်များ၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦး၊ ဆန်စက်၊ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာနှင့် တိရစ္ဆာန် များစွာလည်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
စစ်တမ်းကောက်ယူသည့် ဧရိယာအတွင်း လေးလတာအတွင်း နေအိမ်၊ ဘာသာရေး အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုမှာ အနည်းဆုံး ၈,၆၄၇ လုံးထက်မနည်း ရှိခဲ့ပြီး အချို့ဖြစ်စဉ်များတွင် ပျက်စီးဆုံးရှုံးမှုများ ရှိသော်လည်း အချက်အလက် မကောက်ယူ နိုင်သည့်အတွက် ချန်လှပ်ထားခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များတွင် အဆောက်အဦး ပျက်စီးဆုံးရှုံးမှုအပြင် မော်တော်ကား၊ ဆိုင်ကယ်ကဲ့သို့သော ယာဉ်နှင့် ယန္တရားများလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး အချက်အလက် အတိအကျ ကောက်ယူရရှိသည့် ဖြစ်စဉ်များအရ ယာဉ်/ယန္တရား ပျက်စီးဆုံးရှုံးမှုမှာ လေးလတာအတွင်း ၄၂ စီးအထိ ရှိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်များအရ ၇၆ ရာခိုင်နှုန်းကျော်မှာ အရပ်သားပစ်မှတ်များ ဖြစ်နေပြီး ကျန် ၂၃ ရာခိုင်နှုန်းကျော်သာ စစ်ရေးပစ်မှတ်များ ဖြစ်သည်ကို ကြည့်လျှင် ယင်းစောင့်ကြည့် ဧရိယာအတွင်းရှိ အရပ်သားများမှာ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ ပြဿနာများအား ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပဉ္စမမဏ္ဍိုင်(PMCSG) က သုံးသပ်ထားသည်။
“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက လက်ကိုင်ကျင့်သုံးနေတဲ့ ယခင် အာဏာ မသိမ်းခင်က ဥပဒေတွေရယ်၊ အခုလက်ရှိမှာ NUG အစိုးရက ပြဌာန်းတဲ့ ဥပဒေ၊ မူဝါဒတွေနဲ့ ဒီဟာတွေကို ကိုင်တွယ်ပြီးတော့ ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ စစ်ကောင်စီက ကျူးလွန်တဲ့အမှုတွေကို ကျွန်တော်တို့တွေ စစ်ဆေးစီရင် ဖို့အတွက် အထူးတရားရုံးတွေ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီဟာတွေလည်း ဆောင်ရွက်သွား ဖို့ ရှိပါတယ်။ ပြီးတော့ ပြည်သူတွေ သိအောင်လည်း ထုတ်ပြန်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု NUG တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်များ ပါဝင်ပတ်သက်နေသည့် ဖြစ်စဉ်များတွင် ၈၀ ကျော်သည် အရပ်သားများအား ပစ်မှတ်ထားပြီး ၁၈ ရာခိုင်နှုန်းခန့်သာ စစ်ရေး ပစ်မှတ်များ ဖြစ်နေသည့်အချက်မှာ စစ်ကောင်စီသည် လက်နက်ကိုင်ပဋိပက္ခ အတွင်း အရပ်သားများအပေါ် ပစ်မှတ် ထားနေသည့်အချက်ကို ပေါ်လွင်စေသည်။
စစ်ကောင်စီက ပစ်မှတ်ထား လုပ်ဆောင်ရာ၌ ပစ်ခတ် တိုက်ခိုက်မှု၊ ဖမ်းဆီးထိန်းသိမ်းမှု၊ စီးနင်းမီးရှို့မှု ပုံစံများအား အများဆုံး ကျင့်သုံးလျက် ရှိသည့်အပြင် အရပ်သားများအား ပစ်မှတ်ထားခြင်းမှာ တော်လှန်ရေးအင်အားစုများကို နည်းပေါင်းစုံဖြင့် ထောက်ခံခြင်း အား ဖြိုခွဲလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း PMCSG က ဆိုထားသည်။
ထို့အပြင် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇဝတ်မှု ဖြစ်ပွားမှုများတွင် အများဆုံး ပါဝင်ပတ်သက်သော စစ်ကောင်စီတပ်သည် ရွာစဉ်လှည့် စစ်ကြောင်းထိုး မှုများ၌ ဒေသခံ ပြည်သူနှင့် စစ်ရှောင်များအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ယင်းနောက် သတ်ဖြတ်ခြင်း၊ အလောင်းအား စွန့်ပစ်ထားခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးစဉ်ခြင်း၊ လမ်းပြအဖြစ် ဖမ်းဆီးလာသူများနှင့် ဘေးလွတ်ရာသို့ မရှောင်တိမ်းနိုင်သည့် သက်ကြီးရွယ်အိုများအား တစ်ပါတည်း မီးရှို့သတ်ဖြတ်ခြင်းကဲ့သို့ စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုံစာ-စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်
#ရန်ကုန်၊စစ်ကိုင်း၊မကွေး၊ချင်း #(၄)လတာ #စစ်ရေးပစ်မှတ်ထက် #အရပ်သားပစ်မှတ် #ပိုမိုများပြား #အရပ်သား(၅၀၀)နီးပါးသေဆုံးခဲ့ #PMCSG #Ayeyarwaddy_Times