ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ညပိုင်း သတ်မှတ်အချိန်ကျော်လွန်၍ အပြင်ထွက်သည်ဟု အကြောင်းပြကာ ဒေသခံအမျိုးသား သုံးဦး ကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး၍ ငွေတောင်းခံကာ ထောင်ဒဏ် တစ်လချမှတ်ခြင်း ခံခဲ့ရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

သာပေါင်းမြို့နယ် ကွင်းပေါက်အုပ်စု တင်းကုတ်ကြီးရွာ ၌ ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) ည ၁၁ နာရီ ခန့်က ငါးရှာ၍ နေအိမ်သို့ပြန်လာသည့် ကျေးရွာဒေသခံအမျိုးသား သုံးဦး ကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ငပုတောမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများထံကသိရသည်။

” ည ၁၁ နာရီ ငါးသွားရှာပြီး အိမ်ပြန်လာတုန်း အဖမ်းခံရတာ။ ညမထွက်ရ အမိန့်ကျော်ပြီး ထွက်လို့ဆိုပြီး ရဲနဲ့ စစ်သားတွေက ရဲစခန်းကိုပို့လိုက်တယ်”ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများကို သာပေါင်းရဲစခန်းမှ ပုဒ်မ၁၄၄ ချိုးဖောက်မှုအဖြစ် အမှုဖွင့်တရားစွဲဆို၍ ငွေ သုံးသောင်းကျပ် တောင်းယူပြီး မြို့နယ်တရားရုံးမှ တစ်ဦးလျှင် ထောင်ဒဏ်တစ်လ နေ့ချင်းအမိန့်ချ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ထံက သိရသည်။

” တင်းကုတ်ရွာသား သုံး ယောက်ကို ညတွင်းချင်းပဲ အမှုဖွင့်ပြီး မနက်ကျတော့ တန်းပြီးအမိန့်ချလိုက်တယ်။ ရဲစခန်းက နယ်ထိန်းတွေက တစ်ယောက်ကိုသုံးသောင်း တောင်းတယ်။ ထောင်ကတော့ တစ်လချခံရတာပေါ့။ ပုဒ်မ၁၄၄ ချိုးဖောက်မှုနဲ့ တရားစွဲပြီးအမိန့်ချလိုက်တာ”ဟု သာပေါင်းမြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ကဆိုသည်။

သာပေါင်းမြို့နယ်တွင် ည၁၂ နာရီမှ နံနက် ၄နာရီထိကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ည၈နာရီတွင် ကင်းပတ်မှုများပြုလုပ်ကာ ဒေသခံများကို ဖမ်းဆီး၍ ငွေတောင်းခံနေကြောင်း ဒေသခံများထံက သိရသည်။

သာပေါင်းမြို့နယ် တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ အောက်တိုဘာလ ဒုတိယအပတ်အထိ တစ်လခွဲအတွင်း ဒေသခံအမျိုးသား ၄၀ ဦးထက်မနည်း ကိုဖမ်းဆီး၍ ပုဒ်မ ၁၄၄ ဖြင့် တရားစွဲဆိုကာ ငွေသုံးသောင်းကျပ် တောင်းယူပြီး ထောင်ဒဏ်တစ်လချမှတ်ခဲ့ကြောင်း သိရသည်။

#သာပေါင်း #ဒေသခံ၃ဦး #ညပိုင်းသတ်မှတ်ချိန်ထက် ကျော်လွန် #အကြောင်းပြ #ငွေတောင်း #ထောင်တစ်လချမှတ် #Ayeyarwaddy_Times