ဧရာဝတီတိုင်းမ်
(ဖျာပုံ)၊ အောက်တိုဘာလ ၂၂ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့ရှိ အကျဥ်းထောင်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံထားရသည့် လူငယ် ခုနှစ်ဦးကို အောက်တိုဘာ ၂၀ ရက်နေ့က ထောင်တွင်းအထူးတရားရုံးမှ သေဒဏ် နှစ် ကြိမ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းတွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ဖမ်းဆီးခံရသည့် လူငယ် ၁၉ ဦးထဲမှ လူငယ် ခုနှစ် ဦးကို အရင်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ ခုနှစ်ယောက်ကို ပဲ အမှု လေးမှု အမိန့်ချတယ်၊ နှစ် မှုအတွက် မသေမချင်းကြိုးကွင်းစွပ် သတ်စေ အမိန့်ကို နှစ်ကြိမ် အပြစ်ပေးတယ်။ အခြားအမှုအတွက် ဒီလူတွေကိုပဲ ၃၅ နှစ်နဲ့ ၂၅ နှစ်ဆိုပြီး ထောင်ဒဏ်နှစ်ရှည်တွေ အများကြီးချလိုက်တယ်”ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

PDF များအဖြစ်ဖမ်းဆီးကာ တရားစွဲတင်ခံရသူများဖြစ်သော ကိုစံလင်းစံ ၊ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး ၊ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကိုဝဏ္ဏထွန်းအပါအဝင် လူငယ်ခုနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ) နှင့် စွဲဆိုထားသည့် အမှုနှစ်မှု အတွက် သေဒဏ်နှစ်ကြိမ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သေဒဏ်အမိန့်ချမှတ်ခံရသောလူငယ် ခုနှစ်ဦးနှင့် နောက်ထပ်လူငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ကိုး ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ -က ၊ ၅၀ -စျ နှင့် ၅၂-က တို့ဖြင့် ထပ်မံစွဲဆိုကာ ထောင်ဒဏ် စုစုပေါင်းနှစ် ၆၀ ထပ်မံချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရှိရသည်။

” စံလင်းစံတို့အဖွဲ့က ၂၀၂၂ သြဂုတ်လမှာ ရန်ကုန်က အလုံဘက်မှာ အဖမ်းခံခဲ့ရတယ်၊ အားလုံးဆက်စပ်ဆိုပြီး ဖမ်းဆီးခံရတာ ၁၉ ဦးပါ။ လက်ရှိ ဖျာပုံ ခရိုင်တရားရုံး က လက်ရှိအမိန့်ချတာ ၁၄ ဦးပဲရှိသေးတယ်။ ကျန်တဲ့သူတွေက အမိန့်မချရသေးတာ စစ်ဆေးနေတုန်းပေါ့၊ သေဒဏ်ချခံရတာဟုတ်ပါတယ် နှစ် ကြိမ်ပါ။ ကိုစံလင်းစံတို့ကို စွဲထားတဲ့အမှုဆိုရင် ဒလန်ရှင်းလင်းရေး ၂ ကြိမ်လုပ်ဆောင်ခဲ့တာကြောင့် တစ်ကြိမ်တိုင်းကို သေဒဏ်တစ်ခါနဲ့ နှစ် ကြိမ်အပြင် ထောင်ဒဏ်နှစ်ရှည်တွေပါ ချမှတ်လိုက်တာ”ဟု ဧရာ၀တီတိုင်းမှ တော်လှန်ရေး အဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

လက်ရှိတွင်သေဒဏ် နှစ် ကြိမ် အမိန့်ချမှတ်ခြင်း ခံရသော လူငယ် ခုနှစ် ဦးကို ဖျာပုံ ထောင်မှ ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

” ခုအချိန်ကလည်း အာဏာပိုင်ဆိုသူတွေရဲ့ ပါးစပ်ကထွက်တာ ဥပဒေပုဒ်မတွေလို ဖြစ်နေတာ။ ဖမ်းခံရပြီဆိုတာနဲ့ သူတို့တပ်ချင်တဲ့ပုဒ်မတွေနဲ့ဆွဲတော့တာ။ အဖမ်းခံရတဲ့သူတွေကိုလည်း စစ်ဆေးတဲ့အခါမှာ သူတို့လိုချင်တဲ့ပုံစံတွေကိုရအောင် ရိုက်နှက် နှိပ်စက်ကြတာ။ အချို့ဆိုရင် သူတို့စစ်ဆေးတဲ့အချိန်မှာ သေဆုံးသွားတာတွေလည်း ရှိနေတာပဲလေ ။ အဲဒီတော့ တရားသူကြီးတွေဆိုတာကလည်း စစ်ကောင်စီက ခိုင်းတဲ့အတိုင်း မှန်မှန် မှားမှား ပြစ်ဒဏ်တွေကို အာဏာကုန်ချနေတော့တာ “ ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖျာပုံခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်သူဇာအေးသည် ယခုသေဒဏ်အမိန့်ချမှတ်ခံရသောလူငယ် ခုနှစ် ဦး အပါအဝင် နှစ်လအတွင်း စွပ်စွဲခံရသူ ၁၄ ဦးထိ သေဒဏ်အမိန့်များ ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများထံမှ သိရှိရသည်။

#ဖျာပုံမြို့ #PDF #သေဒဏ် #ဖျာပုံခရိုင်တရားရုံး #တရားသူကြီးဒေါ်သူဇာအေး #စစ်ကောင်စီတပ် #Ayeyarwaddy_Times